ဧပြီ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးက စစ်တပ်လက်အောက်ခံ SNAတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲဘော်တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ အတည်ပြုမရကြောင်း SSPP တပ်မှူးတဦးက ပြောပါတယ်။
ဧပြီ ၂၃ရက်က မိုးညှင်း အုန်းစံဆိုင်ရွာက SNAစခန်း ၃ခုအနက် ၂ခုကို KIAနဲ့ ရှမ်းနီတော်လှန်ရေးတပ် SSIA တို့ ပါဝင်တဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစစ်ဆင်ရေးမျာ SSPP/SSA တပ်တွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ရေးသားမှုတွေအပေါ် အခုလိုပြောတာပါ။
“SSPP နဲ့ KIA က စစ်ရေးနိုင်ငံရေး မဟာမိတ်ဆိုပေမယ့် မိုညင်းဆိုတဲ့ဒေသမှာ KIA လွမ်းမိုးထားတဲ့နေရာ ဖြစ်တယ် SSPPက စည်းစောင့်ပါတယ် ဘောင်မကျော်တတ်ဘူး”လို့ SSPP တပ်မှူးတစ်ဦးက ပြောပါတယ်။

Public Service Announcement
KIA/SSIA ပူးပေါင်းတပ်ဟာ SNAစခန်းတွေကို သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာသွားတာပါ။ အုန်းစံဆိုင်ရွာလယ်က နောက်ထပ်စခန်းကိုတော့ ပြည်သူတွေထိခိုက်မှု ဖြစ်မှာစိုးလို့ တိုက်ခိုက်ခြင်းမပြုခဲ့တာလို့ SSIA စစ်ရေးသတင်းရင်းမြစ်ကို ကိုးကားပြီး ကချင်ဒေသ အခြေစိုက် သတင်းဌာန အချို့က ဖော်ပြထားပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်တွေ သိမ်းရခဲ့တယ်လို့ ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ KIA တပ်မဟာ နယ်မြေအများစုမှာ စစ်တပ်နဲ့ စစ်ရေးတင်းမာတာ တိုက်ပွဲတွေ ဖြစ်တာ ရှိနေတယ်လို့ ဧပြီ ၂၉ရက် သတင်းမှာ အသိပေးထားပါတယ်။






















































