ဧပြီ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာအများစုရဲ့ နယ်မြေတွေမှာ စစ်ရေးတင်းမာနေပြီးအချို့ ဒေသမှာတိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဧပြီ ၂၉ ရက်သတင်းဖော်ပြချက်မှာ KIA တပ်မဟာ ၁၁ခုရှိတဲ့အထဲက တပ်မဟာ ၆ခုရဲ့ နယ်မြေတွေမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ အသိပေးပါတယ်။
စစ်ကော်မရှင်တပ်များနဲ့ ပြည်သူ့စစ်တပ်များဟာ တပ်မဟာ(၂) တပ်မဟာ (၅) တပ်မဟာ(၇)၊ တပ်မဟာ(၈) တပ်မဟာ(၉) ၊ တပ်မဟာ(၁၁)ဒေသတွေမှာ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားနေလို့ စစ်ရေးတင်းမာနေတာလို့ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် KIA တပ်မဟာ(၁) ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဧပြီ ၂၇ရက်က တိုက်ပွဲဖြစ်ခဲ့သလို အဲဒီနေ့မှာပဲ ဗန်းမော်ဘက်မှာ တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကတည်းက ဆင်နွှဲနေတာဖြစ်ပြီး တနှစ်ခွဲနီးပါးကြာတဲ့အထိ တိုက်ပွဲတွေရှိနေတာပါ။
KIAဟာ ဧပြီနောက်ဆုံးပတ်ထဲမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့ရွှေကူမြို့နယ်တွေက စစ်ကောင်စီ နဲ့ စစ်ကောင်စီလက်အောက်ခံ SNAစခန်းအချို့ကိုသိမ်းပိုက်ခဲ့ပါတယ်။ ရွှေကူမြို့နယ် ၅လမ်းဆုံက စစ်ကောင်စီ စခန်းကို ဧပြီ ၂၃ရက်က သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ ရခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြပါတယ်။ အဲဒီဒေသမှာ KIAနဲ့ စစ်ကောင်စီဟာ ဧပြီ ၂၁ရက်ကတည်းက သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာက စစ်ကောင်စီ လက်အောက်ခံ SNA စခန်း ၃ခုအနက် ၂ခုကိုသိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ KIAနဲ့အတူ ရှမ်းနီတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ SSIA လည်း ပါဝင်ခဲ့ပါတယ်။ ရှမ်းနီလွတ်မြောက်ရေးတပ်မတော်(SSIA) ဟာ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။KIAဟာ တပ်မဟာ(၂)နယ်မြေက စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ စခန်းအချို့ကိုလည်း ဧပြီ တတိယပတ်အတွင်းက သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
စခန်းသိမ်းပိုက်နိုင်မှု အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။






















































