အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ ဗြိတိန် ခရီးစဉ် အတောအတွင်း စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဒေသခံ လေဆိပ်တစ်ခုမှာ ရဟတ်ယာဉ် ဆင်းခဲ့ရတယ် ဆိုတာကို အတည်ပြုခဲ့ပြီး အသေးစား ဟိုက်ဒရောလစ် ပြဿနာ တစ်ခုကြောင့်သာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဗြိတိန်ကနေ ပြန်လည် ထွက်ခွာဖို့အတွက် လန်ဒန်မှာရှိတဲ့ စတန်းစတက်ဒ် လေဆိပ်ဆီ ဦးတည်နေခဲ့တဲ့ ရဟတ်ယာဉ်ဟာ လူတန်မြို့မှာရှိတဲ့ တခြား လေဆိပ်တစ်ခုမှာ ခဏဆင်းခဲ့ပြီး ထရမ့်က တခြားတစ်စီးဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သတ်မှတ်ထားတဲ့ အချိန်ထက် မိနစ် ၂၀ နောက်ကျပြီး စတန်းစတက်ဒ်ကို ရောက်ရှိလာခဲ့ပါတယ်။
ရဟတ်ယာဉ် ဆင်းသက်ချိန် လူတန် လေဆိပ်ထဲမှာ အရေးပေါ် ကယ်ဆယ်ရေး ယူနစ်တွေလည်း အသင့်စောင့်ဆိုင်းနေခဲ့တာကို တွေ့ခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။

Public Service Announcement
ဓာတ်ပုံ တစ်ပုံထဲမှာတော့ အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်တွေဖြစ်တဲ့ Marine Oneနဲ့ Marine Twoတွေဟာ လူတန် လေဆိပ်မှာ ဘေးချင်းယှဉ်လျက် ရပ်တန့်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေဟာ သမ္မတရဲ့ လုံခြုံရေးအတွက် အဆင့်အမြင့်ဆုံး ကာကွယ်ရေး စနစ်တွေ တပ်ဆင်ပြီး ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပြီး နျူကလီးယားဗုံး ပေါက်ကွဲလို့ ထွက်ပေါ်လာမယ့် လျှပ်စစ် သံလိုက်လှိုင်းတွေ ရိုက်ခတ်ရင်တောင် လေထဲမှာ ဆက်ပြီး ပျံသန်းနေနိုင်စွမ်း ရှိတဲ့ထိ ကြံ့ခိုင်တယ်လို့ ဆိုပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ၂ ရက်ကြာ ဗြိတိန် ခရီးစဉ် အတောအတွင်း တာလတ် ခရီးစဉ်တွေအတွက် Marine One ရဟတ်ယာဉ်ကို အဓိက အသုံးပြုခဲ့ပါတယ်။
သူဟာ ဗြိတိန် ခရီးစဉ်အတွင်း ချားလ်စ်ဘုရင် အပါအဝင် တော်ဝင်မိသားစု၊ ဗြိတိန်ဝန်ကြီးချုပ် ဆာကီရာ စတာမာတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ယူကရိန်း စစ်ပွဲအရေး၊ ဂါဇာ ပဋိပက္ခနဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ကိုင်တွယ်ရေး မူဝါဒတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထရမ့်က သူနဲ့ စတာမာတို့ဟာ ကိစ္စ အတော်များများမှာ သဘောတူခဲ့ပေမယ့် ပါလက်စတိုင်းကို ဗြိတိန်က နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ဖို့ စီစဉ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ အမြင်ကွဲလွဲခဲ့တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
ကိုးကား: BBC



















































