Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ၂ နှစ်အတွင်း ဒုတိယ အကြိမ် WHO ကြေညာ

အာဖရိက နိုင်ငံတွေမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့ ကူးစက်နေတဲ့ မျောက်ကျောက် ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

အာဖရိက နိုင်ငံတွေမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့ ကူးစက်နေတဲ့ မျောက်ကျောက် ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

အာဖရိကတိုက်ရဲ့ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာန (CDC)က ဒေသတွင်း နိုင်ငံတွေမှာ မျောက်ကျောက် ဗိုင်းရပ်စ် ကူးစက်မှုတွေ အရှိန်မြင့်လာတဲ့နောက် အာဖရိက တစ်တိုက်လုံးမှာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာလိုက်ပြီး ၂၄ နာရီအတွင်း WHOရဲ့ နောက်ဆက်တွဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဟာ ၂ နှစ်အတွင်း မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ သတိထားရမယ့် ပြဿနာကြီးအဖြစ် WHOက ဒုတိယအကြိမ် ကြေညာရခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်စီ ပျံ့နှံ့ခဲ့ဖူးတဲ့ မျောက်ကျောက် ဗိုင်းရပ်စ်ထက် အခု မျိုးကွဲက ပိုမို ပြင်းထန်တယ်လို့ WHOက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ အသိအမှတ်ပြု လက်ခံထားတဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေတွေအရ အမြင့်ဆုံး တပ်လှန့် သတိပေးမှုလို့ ဆိုနိုင်တဲ့ အဆင့်မျိုး ထုတ်ပြန်လိုက်တဲ့ WHO ကြေညာချက်မှာတော့ မျောက်ကျောက် ရောဂါဟာ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ စတင်ခေါင်းထောင်လာပြီး အိမ်နီးချင်း နိုင်ငံတွေကို ကူးစက်ပျံ့နှံ့သွားကြောင်း၊ လက်ရှိ အနေအထားအရ အဲဒီရောဂါ ဗိုင်းရပ်စ်ဟာ အာဖရိက ဒေသတွင်း နယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာ့ တခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့လာနိုင်ခြေအတွက် အရမ်းစိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုမျိုး ရှိလာကြောင်း ဖော်ပြထားပါတယ်။

PHEICလို့ ခေါ်ဝေါ်တဲ့ WHOရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ ကော်မတီဟာ မျောက်ကျောက်ရောဂါရဲ့ ကူးစက် ပျံ့ပွားမှုတွေကို အလေးအနက် စောင့်ကြည့်ခဲ့ပြီး ကမ္ဘာ့လူထုရဲ့ ကျန်းမာရေးအတွက် ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်တဲ့ ထူးကဲဖြစ်စဉ်အဖြစ် လက်ခံခဲ့ကြောင်း ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒီမီ အိုဂွိုင်နာက ပြောပါတယ်။

နောက်ပြီး အာဖရိကမှာ တွေ့မြင်နေရတဲ့ ရောဂါ ကူးစက်မှုထဲဟာ ပင်လယ်ထဲ မျောပါနေတဲ့ ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းလေးလောက်သာ ဖြစ်နိုင်ပြီး ဘယ်လောက်ထိ ပိုမို ကြီးမား ကျယ်ပြန့်နေသလဲ ဆိုတာကို WHOက အချက်အလက်တွေ စုဆောင်းနေဆဲလို့လည်း သူက ဆိုပါတယ်။

အစောပိုင်းမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ အာဖရိက CDCက အခုနှစ်ဆန်းပိုင်းကစလို့ ဒေသတွင်း နိုင်ငံတွေမှာ မျောက်ကျောက်လူနာ ၁၇၀၀၀ ကျော် တွေ့ရှိခဲ့ပြီး ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက ကူးစက်လူနာ ၁၄၀၀၀ ကျော်ကို ကွန်ဂိုနိုင်ငံမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီထဲက ၉၆ ရာခိုင်နှုန်းဟာ ဩဂုတ်လမှာ ဖြစ်ပွားခဲ့တာပါ။

အခုအခါ WHOက Mpoxလို့ နာမည်ပြောင်းလဲ သတ်မှတ်ထားတဲ့ မျောက်ကျောက် ရောဂါဟာ ဗိုင်းရပ်စ် ကပ်ငြိနေတဲ့ တိရစ္ဆာန်တွေကနေတဆင့် လူသားဆီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အဲဒီနောက် လူအချင်းချင်းကြားမှာလည်း ခန္ဓာကိုယ်ချင်း ထိတွေ့မိမှု၊ နမ်းရှုပ်မှု၊ လိင်ဆက်ဆံမှုတို့ကနေ ကူးစက်နိုင်သလို အဝတ်စတွေ၊ အပ်တွေလိုမျိုး တခြား ကြားခံ ပစ္စည်းတွေမှာ ကပ်ငြိရာကနေ ကူးစက်တတ်ပါတယ်။

မျောက်ကျောက် ကူးစက်ခံရတဲ့အခါ ဖျားနာတာ၊ ခန္ဓာကိုယ်အနှံ့ အနာတွေပေါက်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ နောက်ကျောတွေ နာကျင်တာ၊ အားအင်ကုန်ခမ်းတာ၊ ပြန်ရည်ကြောတွေ ရောင်ရမ်းတာမျိုး လက္ခဏာတွေ ပြသတတ်ပါတယ်။ ရောဂါ လက္ခဏာ ပြင်းထန်ရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပြီး ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ခံအား ကျဆင်းစေတဲ့ ရောဂါအခံ ရှိသူတွေက ပိုပြီး သတိထားဖို့ လိုပါတယ်။

၁၉၇၀ မှာ လူသားတွေဆီ အဲဒီရောဂါ ကူးစက်ကြောင်း စတင်တွေ့ရှိခဲ့တဲ့နောက် အလယ်ပိုင်းနဲ့ အနောက် အာဖရိက ဒေသထဲမှာပဲ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ဥရောပနဲ့ မြောက်အမေရိကကိုပါ ကူးစက်ခဲ့ပြီး အဲဒီနှစ် ဇူလိုင်လမှာ WHOက နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရတာပါ။ အဲဒီ ကြေညာချက်ကို ၁၀ လ အကြာမှာ ပြန်လည် ရုပ်သိမ်း ဖယ်ရှားပေးခဲ့ပါတယ်။

မျောက်ကျောက်မှာ အဓိက ကွဲပြားတဲ့ မျိုးဗီဇ ဖွဲ့စည်းပုံ နှစ်ခုရှိပြီး ၂၀၂၂ တုန်းက ပျံ့နှံ့ခဲ့တဲ့ Clade II အမျိုးအစားထက် လက်ရှိ အဖြစ်များနေတဲ့ Clade Iက ပိုပြီး ရောဂါပြင်းပြင်း ဖြစ်ပွားစေတတ်တယ်လို့ သိရပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

ဗီဒီယို

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။

ဗီဒီယို

သတင်းတစ်ခုက WHOဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖော်ထုတ်မယ့် အားထုတ်မှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလာတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။