တော်လှန်ရေးအင်အားစုများ ဝင်ငွေစီးဆင်းနိုင်သည့် ရင်းမြစ်များကို ဖြတ်တောက်ရန် ကြိုးပမ်းနေသော စစ်တပ်က မကွေးတိုင်း ရေနံမြေမှ ရေနံတွင်းနှင့် လက်ယက်တွင်း ၈၀၀ ကျော်ကို တစ်လအတွင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်သည်။
ပခုက္ကူခရိုင် မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေအတွင်းရှိ ရေနံတူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်း ၁၃၁ တွင်းနှင့် ရေနံချက်လုပ်ငန်းသုံးပစ္စည်းများကို ဖျက်ဆီးခဲ့သည့်နည်းတူ ပခုက္ကူမြို့နယ်ရေနံချပ်ရွာရှိ ရေနံ လက်ယက်တွင်း ၇၃၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယမန်နေ့ (စက်တင်ဘာလ ၂၉ ရက်) တွင် စစ်တပ် က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလက ပခုက္ကူမြို့မှထွက်လာသည့် စစ်တပ်စစ်ကြောင်းက မြိုင်မြို့နယ်ရေနံမြေကို ဦးတည် စစ်ကြောင်းထိုးလာပြီးနောက် ရေနံမြေအနီး တဲကြီးရွာတွင် ဩဂုတ်လကုန်တည်းက အခြေစိုက် တပ်စွဲကာ ရေနံမြေကို အကြိမ်ကြိမ်ဝင်ရောက်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
“ ရှေ့ဆက်တိုးနိုင်တာမျိုးမရှိဘူး။ တဲကြီးကနေ ထွက်လာပြီး ရေနံမြေတွေကိုဖျက်ဆီးတယ်။ ပြီးတော့ သူတို့ခံစစ်ယူထားတဲ့ တဲကြီးရွာထဲကို ပြန်ဝင်တယ်။ … သူတို့ရောက်နေတဲ့နေရာနဲ့ အနီးတဝိုက်ကို မိုင်းခွဲ ဖျက်ဆီးတယ်။ ဘိလပ်မြေတွေနဲ့ ရေနံကျင်းတွေ လောင်းပြီးဖျက်ဆီးတယ် ပေါင်းစုံပေါ့”ဟု မြိုင်မြို့နယ် တော်လှန်ရေးအင်အားစုများ၏ “အညာတမာစစ်ဆင်ရေး” မှ တာဝန်ရှိသူ ကိုပြည့်ဖြိုးကျော်က ဆိုသည်။
တစ်လကျော်အတွင်း စစ်တပ်၏ ဖျက်ဆီးမှုကြောင့် ရေနံမြေပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကို စာရင်း ကောက်ယူနိုင်ခြင်းမရှိသေးသော်လည်း ရာနှင့်ချီ ပျက်စီးနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။
မြိုင်မြို့နယ် Well 2 ရေနံမြေ၊ ပေါက်နှင့် ပခုက္ကူမြို့နယ်စပ်ရှိ သာကြီးတောင်ရေနံမြေတို့ကို ပြီးခဲ့သည့် နှစ်ပိုင်းကတည်းက တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပြီး နေ့စဉ် ရေနံစည် ရာနှင့်ချီ ထွက်ရှိသည့် ရေနံမြေလုပ်ကွက်များမှ အခွန်ဘဏ္ဍာငွေရရှိနေသည့်ဒေသလည်းဖြစ်သည်။
မြိုင်မြို့နယ်ရှိ ရေနံမြေလုပ်ကွက်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ယခုနှစ် မေလမှစတင်၍ စစ်တပ်က ရေနံမြေကိုဦးတည်ပြီး အင်အားအလုံးအရင်းသုံးကာ လေကြောင်း ပစ်ကူဖြင့် ထိုးစစ်ဆင်သည့် လမ်းတလျှောက်တွင် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား နှစ်ဒါဇင်ကျော် သတ်ဖြတ်ခံရပြီး နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ဆိုသည်။


အရပ်သားဖမ်းဆီးသတ်ဖြတ်မှုများ၊ ကျေးရွာများကို မြေလှန်မီးရှို့သည့်အခြေအနေတို့ကို စစ်တပ်ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခြင်းမရှိသလို ထိုအခြေအနေနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။
ထိုသို့ မြိုင်မြို့နယ် ရေနံမြေကို ထိုးစစ်ဆင်နေချိန် ယခုလ ဒုတိယပတ်တွင် ပခုက္ကူမြို့နယ် ရေနံချပ်ရွာကိုလည်း စီးနင်းဝင်ရောက်ကာ စက်တင်ဘာလ ၂၇ ရက်အအတွင်း ရွာအနီးရှိ ရေနံလက်ယက်တွင်း ၇၃၅ ခုကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဘက်မှတဆင့် မြစ်ကိုဖြတ်ကူးလာသည့် အဆိုပါစစ်တပ်စစ်ကြောင်းနှင့် ရေနံချပ်ရွာအနီးရှိ ဆိက္ခဝရွာတွင် အခြေစိုက်ထားသည့် စစ်တပ် စစ်ကြောင်းတစ်ခုတို့ ပူးပေါင်းပြီး ရေနံချပ်ရွာကို စီးနင်းခဲ့စဉ် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသည့်အဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။ စစ်တပ် ထုတ်ပြန်ချက်တွင်မူ ရေနံတွင်း မီးရှို့သည့် အခြေအနေကိုသာ ဖော်ပြထားပြီး ကျေးရွာများအား မီးရှို့ခဲ့သည့်အခြေအနေကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ထိမ်ချန်ထားသည်။
စစ်တပ်စီးနင်းအခြေစိုက်မှုကြောင့် ရေနံမြေလည်ပတ်ခြင်းမရှိ လုပ်ငန်းများရပ်တန့်နေသလို ရေနံတွင်းများ မီးရှို့ဖျက်ဆီးခံရသည့် အခြေအနေသည် ဒေသခံများအပေါ်ကို ကြီးမားသည့် ရိုက်ခတ်မှုရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
“ပြည်သူတွေအပေါ်မှာသာ သက်ရောက်မှု ကြီးမားပါတယ်။ ရေနံမှော်တွေက မရေမတွက်နိုင်လောက် အောင်အများအပြားရှိတာမလို့ ပြန်လည်ထူထောင်ရေးတွေ ပြန်လုပ်နိုင် ကြမှာပါ။ ယခုလက်ရှိမှာ တခြားရေနံမှော်တွေမှာလည်း အေးအေးဆေးဆေး လည်ပတ်နေကြပါသေးတယ်။ တော်လှန်ရေး အင်အားစုတွေကတော့ သိပ်ပြီး သက်ရောက်မှု ကြီးကြီးမားမား ရှိမယ်မထင်ပါဘူး”ဟု မြိုင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းကြောင့် ထောင်နှင့်ချီသည့် ဒေသခံများမှာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်ကြသေးပေ။
“အရင်ထဲက အာဏာမသိမ်းခင်တည်းက လုပ်စားခဲ့တဲ့ လက်ယက်တွင်းတွေတို့၊ ကူးလူးဆက်ဆံတဲ့ ရေနံရောင်းတဲ့အရာတွေတို့၊ ရေနံစိမ်းရောင်းတဲ့ကိစ္စတွေအပြင် တခြားသော လမ်းပန်း ဆက်သွယ်ရေးတွေလည်း ခက်ကုန်တာပေါ့”ဟု ပခုက္ကူမြို့ နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ခံ ကိုစိုးထွဋ်ဝင်းက ပြောသည်။
လက်ရှိတွင် မြေပဲခင်းများဆွတ်ခူးချိန်ရောက်နေသည့်တိုင် ဒေသခံများမှာ စစ်တပ်ရန်ကြောင့် နေရပ် မပြန်ရဲသေးသဖြင့် ပဲခင်းများပျက်စီးပြီး တောင်သူများအတွက် ဆုံးရှုံးမှုကြီးမားကြောင်း မြိုင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။
တော်လှန်ရေးအင်အားစုများအားကောင်းရာ ချင်းတောင်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေသည့် နိုင်ငံအလယ်ပိုင်းမကွေးတိုင်းကို ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ ဖြတ်တောက်ရန် စစ်တပ်က ယခုနှစ်ဆန်းပိုင်းမှစ၍ ထိုးစစ်အရှိန်မြှင့်တင်နေသည်။




