Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တအာင်းတပ်မတော်နဲ့ PDF တို့ရဲ့ လက်နက်များ သိမ်းဆည်းခံရမှုမရှိဘူးလို့ TNLA ထုတ်ပြန်ရှင်းလင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာနဲ့ အနီးတဝိုက်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲဲ့ လေကြောင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီက သတင်းထုတ်ပြန်သကဲ့သို့ တအာင်တပ်မတော်(TNLA)ရဲ့ လက်နက်များသော်လည်းကောင်း၊ NUG-PDFရဲ့လက်နက်ပစ္စည်းများသော်လည်းကောင်း သိမ်းဆည်းခံရခြင်း၊ဆုံးရှုံးပျက်စီးခြင်းမရှိဘူးလို့ TNLAက ဒီ​နေ့ထုတ်ပြန်ရှင်းလင်းပါတယ်။

ကုန်းသာတိုက်ပွဲဟာ TNLA နဲ့ နားလည်မှုလွဲခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံမှ လက်နက်များသိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကောင်စီက မနေ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလိမ်ညာထုတ်ပြန်ချက်နဲ့ပတ်သက်လို့ TNLA က ဒီနေ့ အခုလို တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ ငါးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး အရှင်ဖမ်းဆီးခံရသူများလည်းရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ TNLA အရာရှိ အချို့နဲ့ ရဲဘော်များလည်း ကျဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီကတော့ ကုန်းသာတိုက်ပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့နဲ့သာ သက်ဆိုင်ပြီး TNLA နဲ့ တိုက်ပွဲမှာ နားလည်မှုလွဲခြင်းသာဖြစ်တယ်လို့ မနေ့က လိမ်ညာထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က ဝါဒဖြန့်ထုတ်ပြန်ခဲ့​သော ဓါတ်ပုံ။ဓါတ်ပုံ-စစ်​ကောင်စီ
စစ်တပ်က ဝါဒဖြန့်ထုတ်ပြန်ခဲ့​သော ဓါတ်ပုံ။ဓါတ်ပုံ-စစ်​ကောင်စီ

▪︎ပခုက္ကူရှိ စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် သုံးဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

မကွေးတိုင်း ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဒီနေ့ နေ့ခင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ Earthquake ပြည်သူ့ကာကွယ်ရေးတပ်(PDF) က သတင်းထုတ်ပြန်ပါတယ်။ ပခုက္ကူတက္ကသိုလ်နှင့် ခြောက်ကန်ကျေးရွာအကြားရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သား လေးဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ခြေရှိတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ MA3 (၁)လက်၊ အူစီ(၁)လက်၊ G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက်(၂)ခု၊ ကား(၁)စီး၊ လက်ထိပ်၊ ဆက်ကြေးကောက်ခံတဲ့ စာအုပ်(၁)အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသား(၃)သိန်းနဲ့ လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြပါတယ်။

▪︎မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ကျောင်းသား ၂,၀၀၀ ကျော်ဖြင့် စတင်လည်ပတ်

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)မှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားပေါင်း ၂,၄၇၂ ဦးနဲ့ စတင်လည်ပတ်နေပြိး လက်ရှိမှာ ဘာသာရပ်ပေါင်း ၃၀ ကျော်ကို စတင်လေ့လာနိုင်တယ်လို့ MNOU မှ ဒေါက်တာစုက ပြောပါတယ်။ မြန်မာ့နွေဦးတက္ကသိုလ်ဟာ NUG အစိုးရက ဖွင့်လှစ်တဲ့ တစ်ခုတည်းသော ပြည်သူပိုင်အွန်လိုင်းတက္ကသိုလ်ဖြစ်ပါတယ်။ MNOU မှာ ပညာသင်ကြားပြီး ရရှိလာတဲ့ ဘွဲ့လက်မှတ်ကို ပြည်ပနိုင်ငံများ အသိအမှတ်ပြုနိုင်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်စွာရရှိနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ နောက်ပြီး တော်လှန်ရေးလွန်ကာလမှာ သက်ဆိုင်ရာတက္ကသိုလ်တွေက ဘွဲ့များပေးအပ်နိုင်ဖို့ ရရှိလာတဲ့အမှတ်များ၊ credit point များကို သိမ်းဆည်းထားပြီး ပြန်လည်လွှဲအပ်ပေးမယ်လို့ ဒေါက်တာစုက ရှင်းပြပါတယ်။

▪︎တိုက်ပွဲများ ပြန်ဖြစ်လာတဲ့ ကော့ကရိတ်မြို့နယ်ထဲ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ

ကော့ကရိတ်မြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် လှိုင်၀ကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၃၁)တပ်စခန်းကို ဒီဇင်ဘာလ(၁၆)ရက် မနက်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် (၇)ဦးခန့်သေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပူးပေါင်းအဖွဲ့ဘက်မှ တစ်ဦးကျဆုံးနဲ့ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ အောင်မြင်စွာပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်သုံးလက်ကို သိမ်းဆည်းရခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

▪︎မရမ်းကုန်း Safe House မှာ စီးနင်းဖမ်းခံရတဲ့ ဗကသကျောင်းသား ၃ ဦးကို ထောင် ၃ နှစ်စီချ

လွန်ခဲ့တဲ့ ၉ လကျော်က ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်အတွင်း ဗကသကျောင်းသားတွေ ခိုလှုံရာ နေအိမ် ဝင်ရောက်စီးနင်းခံရပြီး ဖမ်းဆီးခံရသူတွေထဲက ၃ ဦးကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၅ ရက်မှာ ထောင် ၃ နှစ်စီချလိုက်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက မရမ်းကုန်းမြို့နယ်ထဲက နေအိမ်ကို စစ်ကောင်စီတပ်ကဝင်စီးခဲ့ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ – အကသ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူကိုနေရာမှာတင် ပစ်သတ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ဗကသကျောင်းသား ၈ ဦး လည်း ဖမ်းခံရပါတယ်။

ဖမ်းခံရသူတွေထဲပါဝင်တဲ့ မိန်းကလေးငယ် ၄ ဦးဟာ အသက်မပြည့်သေးလို့ ပြန်လည်လွတ်လာခဲ့ပါတယ်။ ဆက်လက်ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးကို ဒီဇင်ဘာလ ၁၅ ရက် က အင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင်ချလိုက်တာလို့ သိရပါတယ်။

▪︎ရေစကြိုနယ် စစ်အုပ်စုမီးရှို့ဖျက်ဆီးလို့ နေအိမ် ၆၀ကျော် ပြာကျ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်)ရွာကို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲကာ ကျေးရွာအတွင်းမှ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။ စစ်အုပ်စုဟာ ကျေးရွာနေပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာတော့ စစ်အုပ်စုဟာ ဗြိဘ(အနောက်)ရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Yesagyo Township INFO Committeeက ပြောပါတယ်။

(မီးရှို့ဖျက်ဆီးခံနေရသည့် ရေစကြိုနယ် ဗြိဘအနောက်ရွာအားတွေ့ရစဥ်၊ ဓာတ်ပုံ- Yesagyo Township INFO Committee)
(မီးရှို့ဖျက်ဆီးခံနေရသည့် ရေစကြိုနယ် ဗြိဘအနောက်ရွာအားတွေ့ရစဥ်၊ ဓာတ်ပုံ- Yesagyo Township INFO Committee)

▪︎ရွှေဘိုအနောက်ခြမ်းလမ်းပိုင်း သွားလာခြင်းမပြုဖို့ PDF သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုအနောက်ခြမ်းလမ်းပိုင်းမှာ ပျူစောထီးတွေက ဒေသခံပြည်သူတွေကို ဓါးစာခံပြုလုပ်နေလို့ သွားလာအသုံးပြုခြင်းမပြုဖို့ Daung Min Local People Defense Force (Shwebo) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံလမ်းပိုင်းမှာ ပျူစောထီးတွေက အထိုင်ချထား​တာကြောင့် ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ မေတ္တာရပ်ခံထားတာပါ။ အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူတွေ တပ်စွဲထားခြင်း၊ ခရီးသွားပြည်သူတွေကို မကြာခဏစစ်ဆေးငွေတောင်းခြင်းများ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

You May Also Like

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၂ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။