Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာပြည်သူတွေရဲ့ အသံ၊ ဆန္ဒတွေကို နိုင်ငံတကာသိရှိဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

မြန်မာပြည်သူတွေရဲ့အသံ၊ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကုလသမဂ္ဂမျက်နှာစာကနေတဆင့် နိုင်ငံတကာ သိရှိဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာ Credentials Committee ရဲ့ အစီရင်ခံစာကို တူညီဆန္ဒနဲ့ မဲမခွဲဘဲ အတည်ပြုခဲ့ပါတယ်။ အဲဒီလို အတည်ပြုခဲ့လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီ အဆိုပြုတဲ့ ကိုယ်စားလှယ်ကို Credentials Committee က လက်မခံခဲ့တာလည်းဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေအကျိုးအတွက် အမြဲတမ်းကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်နိုင်မယ့် ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ PVTV ကတဆင့် သတင်းစကားပါးပါတယ်။

▪️ဒီပဲယင်းအရှေ့ခြမ်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းက ရေဦးမြို့ပေါ်မှ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ ယာဥ်နှစ်စီးနဲ့ ကုက္ကိုစု၊ ရွာသာလေးကျေးရွာဘက် ထွက်လာခဲ့ပြီး ဒီပဲယင်းအရှေ့ခြမ်းကျေးရွာတွေဘက် အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ သိပါတယ်။ ပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာထဲသို့ လက်နက်ကြီး ၇ ချက်ခန့်ကျရောက်ခဲ့ပြီး အသက်(၄၀)အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံ‌ပြည်သူအများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လှကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး၊ NH
ညောင်လှကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး၊ NH

▪️ရွာစဥ်လှည့် မီးရှို့နေတဲ့ စစ်အု​ပ်စုကို ဒေသကာကွယ်ရေးတပ်များ နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း ရွာစဥ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိတယ်လို့ မန္တလေးတိုင်းအခြေစိုက် သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတစ်ခုကို တာဝေးပစ် (၆၀)မမ လက်နက်ကြီး နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုရှိရာအနီးသို့ လက်နက်ကြီး ကျရောက်ခဲ့လို့ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၅ ရက် နေ့ခင်းပိုင်းမှာလည်း စစ်ကောင်စီတပ်သားများရှိရာ ခံတုတ်ကျင်းနေရာ၊ မီးရှို့အပြီး နားတဲ့နေရာနဲ့ အရက်ဆိုင်ဝင်ထိုင်ဖို့ ပြင်ဆင်နေချိန်တွေမှာ ဒရုန်းနဲ့ M9(အီနာဂါဗုံးသီး) သုံးလုံးချကာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးခန့် အပြင်းအထန် ဒဏ်ရာရနိုင်တယ်လို့ ဆိုပါတယ်။

(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - TBK)
(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – TBK)

▪️ကော့ကရိတ်ရှိ ငါးတိုင်ဓာတ်အားခွဲစက်ရုံတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဗုံးသီး ၁၃လုံးချ တိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ငါးတိုင်ဓာတ်အားခွဲစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းစစ်ဆင်ရေးအနေနဲ့ ဗုံးသီး ၁၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ Saw Dragon Drone Force -SDDF တာဝန်ခံက ပြောပါတယ်။ အဲဒီလို တိုက်ခိုက်ရာမှာ ဗုံးသီးအများစုက စစ်ကောင်စီရဲ့ ဘန်ကာတွေရှိတဲ့ဘက်ကိုပဲ ကျခဲ့ပြီး အကျအဆုံးများနိုင်တယ်လို့ ဆိုပါတယ်။

မနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကို Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊ KNLA၊ PDF၊ ARMS မဟာမိတ်တပ်‌ပေါင်းစုတွေနဲ့ အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ SDDF တာ၀န်ခံက ရှင်းပြပါတယ်။

▪️မင်းတပ် ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့ CDM ဝင်လာ

ချင်းပြည်နယ် မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ CDM ပြုလုပ်လာတယ်လို့ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ဒီနေ့ထုတ်ပြန်ပါတယ်။ ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်ဟာ မနေ့က CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာပါ။ အဲဒီတပ်သားနဲ့အတူ MA1 တစ်လက် ၊ ကျည်ဘောက် လေးခု၊ ကျည် ၆၅ တောင့်၊ ကျည်ကာဝတ်စုံတစ်ခုတို့ပါရှိပြီး မင်းတပ် CDFထံ အပ်နှံခဲ့တယ်လို့ အသိပေးထားပါတယ်။ လက်ရှိတော်လှန်ရေးအရွေ့တစ်ခုသို့ ရောက်လာတဲ့အခြေအနေမှာ စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ခိုလှုံလာပါက မင်းတပ် CDFအနေနဲ့ ဆက်လက် ကြိုဆိုနေမှာဖြစ်တယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။

▪️မတူပီ – ပလက်၀နယ်စပ်ရှိ ဂိတ်စခန်းကို CDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် နှစ်ဦးသေဟုဆို

ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ မတူပီမြို့နယ် အစပ်ရှိ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းကို မနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဘွေလီဂိတ်စခန်းကို CDFက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပလက်၀ CDFက ထုတ်ပြန်ပါတယ်။ ပလက်ဝ CDF ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

▪️ရွှေဘို – ကျောက်မြောင်းလမ်းပိုင်း စစ်ကောင်စီအရာရှိလိုက်ပါလာတဲ့ ယာဥ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းမှာ စစ်ကောင်စီအရာရှိအပါအဝင် စစ်အုပ်စုလိုက်ပါလာတဲ့ Kluger ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ BurmaRangers (ShweBo)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းမှာ ကျောက်မြောင်းမှ ရွှေဘိုမြို့သို့လာတဲ့ စစ်ကောင်စီအရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင် ငါးဦးလိုက်ပါလာတဲ့ Klugerအဖြူရောင်ယာဥ်ကို အုန်းပေါက်ကျေးရွာ အနောက်ဘက်မှာ ပဒေသာမိုင်း (၈)လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး ကားမောင်းသမားမှာ မိုင်းထိဒဏ်ရာနဲ့ ရွှေဘိုမြို့သို့ ဆက်လက်မောင်းနှင်သွားရာ ရွှေဘိုအရောက် သေဆုံးတယ်လို့ BurmaRangersအဖွဲ့က ဖော်ပြပါတယ်။

Facebook

You May Also Like

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၂ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၁ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။