Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘ ၂၇ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့်အချိန်ကို ရောက်ပြီလို့ NUG ယာယီသမ္မတပြော

လာမယ့် ၂၀၂၃ အတွင်း စစ်ကောင်စီရဲ့ အရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ် လုပ်ဆောင်ရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ရောက်ပြီလို့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက စစ်ရေးကိစ္စများ ဆောင်ရွက်ဖို့နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပြောဆိုခဲ့တာပါ။ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘဲ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မယ်လို့ ယူဆကြောင်း ယာယီသမ္မတက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးချုပ်က မြေပြင်ရဲဘော်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့မှုကို မြင်တွေ့ရလို့ ပိတိဖြစ်ရကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီး အဲဒီလို ဆောင်ရွက်ချက်က အချင်းချင်းအကြား ယုံကြည်မှုနဲ့ တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော
စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော

▪︎ကော့ကရိတ်မှာ တိုက်ပွဲဆက်ဖြစ်နေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ဒီနေ့မနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်အင်အားများ ထပ်တိုးထားတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကနေ ကင်းထောက်နေတာမျိုးရှိပြီး ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကလည်း စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် သံဃာတော် အချို့အပါအဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး
KNLA/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တိုက်ပွဲအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသနှင့်သတင်းပြန်ကြားရေး

▪︎KNLA တပ်မဟာ(၅)တိုက်ခိုက်မှုများကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၃ ကနေ ၂၅ရက်အတွင်း ဖာပွန်ခရိုင် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် သေဆုံး၊ ဒဏ်ရာရမှုတွေဖြစ်ပေါ်ခဲ့တာပါ။ နောက်ပြီး ဒီဇင်ဘာ ၂၅ ရက် နေ့ခင်းမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်နှစ်စီး လာရောက်ကာ တစ်စီး လမ်းရှင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ကျန်တစ်စီး ဆင်းသက်နေချိန်မှာ KNLA တပ်မဟာ ၅ ရက် ဝင်ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ထိခိုက်ဒဏ်ရာရမှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

KNU/KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU
KNU/KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU

▪︎စစ်ကားကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု ရေးဘီလူးအဖွဲ့ ပြော

မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာရှိ စစ်ကောင်စီတပ် ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးတယ်လို့ ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းက ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာတဲ့ ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဓာတ်ပုံနှင့်အတူ ဖော်ပြပါတယ်။ ရေးဘီးလူးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ဒရောသောပါး ထွက်ပြေးသွားကာ နှစ်ဦးမှာ ကားပေါ်မှ ပြုတ်ကျတယ်လို့ ဆိုပါတယ်။ ကားရပ်တန့်ခြင်းမရှိတာကြောင့် လက်နက်ရယူဖို့ အချိန်မရလိုက်ဘူးလို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များ တိုက်ခိုက်နေစဉ်)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များ တိုက်ခိုက်နေစဉ်)

▪︎မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာတိုက်ပွဲမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ Pakokku Underground Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြိုင်၊ ရေစကြိုနဲ့ ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီဘက်က အထိနာခဲ့ပါတယ်။ ဒါပေမဲ့ မဟာမိတ်ရဲဘော် နှစ်ဦးနဲ့ ပြည်သူငါးဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

▪︎မန္တလေး ပြည်ကြီးတံခွန် မြဝတီဘဏ် ဗုံးနဲ့တိုက်ခိုက်ခံရ

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ မြဝတီဘဏ်ရှေ့ လုံခြုံရေးဂိတ်ဟာ မနေ့က ညနေပိုင်းက တိုက်ခိုက်ခံလိုက်ရပါတယ်။ ကျွဲဆည်ကန် ကားကွင်းဟောင်းရဲ့အနောက်ဘက် ၁၁၅ လမ်းပေါ်မှာရှိတဲ့ မြဝတီဘဏ် လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲသံနဲ့အမှု ပစ်ခတ်သံတွေပါ နောက်ဆက်တွဲကြားလိုက်ရတယ်လို့ အဲဒီဘဏ် အနီးအနားနေထိုင်သူအချို့က ပြောပါတယ်။ ဒါ့အပြင် ဘဏ်ရှေ့လမ်းမတစ်ခြမ်းကိုပိတ်ထားရာကနေ တိုက်ခိုက်ခံရပြီးနောက် လမ်းကိုပိတ်ချလိုက်တယ်လို့သိရပါတယ်။

▪︎ရေစကြိုမှာ နှစ်လအတွင်း ကျေးရွာ ၁၂ရွာရှိမှ နေအိမ် ၁၆၂ လုံး မီးရှိ့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ကျေးရွာ ၁၂ ရွာရှိ နေအိမ်ပေါင်း ၁၆၂ လုံးမီးရှိ့ဖျက်ဆီးခံခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂၆ ရက်အထိ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဖျက်ဆီးမှုအခြေအနေကို အသိပေးထုတ်ပြန်ခဲ့တာပါ။ မီးရှို့ ဖျက်ဆီးမှုအပြင် စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးရာကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ချက်ပြုတ်စားသောက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းစတဲ့ စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်လုပ်ဆောင်ခဲ့ကြတယ်လို့ ရေစကြို(ပအဖ)အဖွဲ့က ဆိုပါတယ်။

▪︎မုံရွာ-မန္တလေးလမ်း လူနာတင်ယာဥ်နဲ့လိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လူနာတင်ယာဥ်ကို အသုံးချကာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှေ့ထွက်ပြောင်းများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ People’s knight Defense Force Myinmu အဖွဲ့သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မနေ့ ညပိုင်းက လူမှုကူညီရေးအသင်းယာဥ် အသုံးပြုကာ စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ညီနောင်မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် မိုင်းစတွေဟာ စစ်ကောင်စီကားကို ထိထိမိမိထိမှန်ခဲ့ပြီး ကားမှန်များကွဲထွက်သွားခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ ပြောပါတယ်။

You May Also Like