Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KBC ခေါင်းဆောင်အား စစ်ကောင်စီက ထောင်ဒဏ် ချမှတ်ခြင်းအပေါ် ကချင်မဟာမိတ်အဖွဲ့ ရှုံ့ချ

ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံသို့ ဆေးကုသရန် သွားရောက်စဉ် ၂၀၂၂ ဒီဇင်ဘာလဆန်းက မန္တလေး လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်

▪️အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်ခြင်းအား အထူးရှုံ့ချလိုက်ကြောင်း ကချင်မဟာမိတ်အဖွဲ့(Kachin Alliance)က ယနေ့ ထုတ်ပြန်လိုက်သည်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ၏ မြစ်ကြီးနား တရားရုံးက ဧပြီ ၇ရက်တွင် ထောင်ဒဏ် ၆နှစ်ချမှတ်ခဲ့သည်။ စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)တို့ဖြင့် တရားစွပ်စွဲပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

KBC ဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့ပြီး လက်ရှိ KBC အကြံပေးအဖြစ် တာဝန်ယူထားသည့် ဒေါက်တာခလမ်ဆမ်ဆွန်အား ခရစ်ယာန်ဘာသာဝင်များအတွက် ရက်ထူးရက်မြတ် ဖြစ်သော Good Fridayတွင် ဤသို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းသည် ကချင်အမျိုးသားများအတွက် မှောင်မိုက်သော အချိန်ကာလ တစ်ခုဖြစ်စေကြောင်း၊ ထို့ပြင် ပြည်တွင်း ပဋိပက္ခ အား ပိုမို ကြန့်ကြာစေနိုင်ကြောင်း ကချင်မဟာမိတ်အဖွဲ့က ဆိုသည်။

ထို့ကြောင့် ဒေါက်တာခလမ်ဆမ်ဆွန်၏ အမှုကို ရုပ်သိမ်းပြီး ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝှမ်းလုံးရှိ ခရစ်ယာန်ဘာသာဝင်များ အတွက် ထူးမြတ်သော Easter အခါသမယ၌ မြန်မာပြည်အရပ်ရပ်တွင် တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများနှင့် မိမိနေရပ် စွန့်ခွာပြီး စစ်ဘေးရှောင်နေရသော ခရစ်ယာန်ဘာသာဝင်များနှင့် အခြားသော အပြစ်မဲ့ ပြည်သူများအားလုံးအတွက် သတိရ ဆုတောင်းကြောင်း Kachin Alliance က ဖော်ပြခဲ့ပြီး မြန်မာပြည်သူများကို ဆက်လက် ကူညီပံ့ပိုးရန် တောင်းဆိုထားသည်။

ထို့အပြင် KBC အပါအဝင် ကချင်အသိုင်းအဝိုင်းအနေဖြင့် ဒေါက်တာခလမ်ဆမ်ဆွန် စတင်ဖမ်းဆီးခံရစဉ်ကတည်းက အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်ပြီး အယူခံဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်၏ ရှေ့နေက မြစ်ကြီးနား ဂျာနယ်သို့ ဖြေကြားထားသည်။

“ဘာမှ မဖြစ်ဘူးနော်။ စိတ်ပျော်ပါတယ်တဲ့။ ဆုတောင်းကူပေးပါတဲ့”ဟု ဒေါက်တာခလမ်ဆမ်ဆွန် ပြောကြားခဲ့သည့် သတင်းစကားကို ရှေ့နေက ပြန်လည်ပြောပြထားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံသို့ ဆေးကုသရန် သွားရောက်စဉ် ၂၀၂၂ ဒီဇင်ဘာလဆန်းက မန္တလေး လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။