Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းနေ

စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းမှုများကြောင့် ဒီးမော့ဆိုနှင့် ဘောလခဲမြို့၌ ယခုရက်ပိုင်း အတွင်း ထိတွေ့မှု မရှိသေးသော်လည်း ရှမ်း – ကရင်နီဒေသ အစပ်တွင်မူ နေ့စဥ်ထိတွေ့မှု ဖြစ်နေသည်ဟု ဆိုသည်။

(အင်အားတိုးချဲ့နေသည့် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(အင်အားတိုးချဲ့နေသည့် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ် စစ်ဆင်ရေးတွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းမှုများကြောင့် ဒီးမော့ဆိုနှင့် ဘောလခဲမြို့၌ ယခုရက်ပိုင်း အတွင်း ထိတွေ့မှု မရှိသေးသော်လည်း ရှမ်း – ကရင်နီဒေသ အစပ်တွင်မူ နေ့စဥ်ထိတွေ့မှု ဖြစ်နေသည်ဟု ဆိုသည်။

“ပင်းလောင်းမြို့နယ်က စစ်ကောင်စီစခန်းမှာ အခုရက်ပိုင်း လူအားတောက်လျှောက်တိုးလာနေတယ်။အဓိကတော့ သူတို့ ထိုးစစ်ကို အင်အားဖြည့်တာ ရှိသလို သေသွားတဲ့သူတွေနေရာ အစားထိုးတာလည်း ဖြစ်တယ်။ပင်လောင်း စစ်မျက်နှာမှာတော့ ရှမ်းပြည်အခြေစိုက်တပ်တွေ ဖြစ်တဲ့ စကခ (၂) နဲ့ စကခ(၇)လက်အောက်ခံတပ်ရင်းတွေ များတယ်။နောက်တစ်ခုက ပြည်သူ့စစ် PNO လည်း ပါတယ်ပေါ့”ဟု ဖယ်ခုံမြို့ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ တိုက်ပွဲများမှာ ဖယ်ခုံ – ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာအနီး၌ နေ့စဥ်နီးပါးဖြစ်ပွား နေသည်ဟု အလယ်ပိုင်းတိုင်းအမှတ် (၁၁၀၂)တပ်ရင်း တာဝန်ရှိသူက အသိပေးသည်။

အလားတူ ဒီးမော့ဆို ၊ဖရူဆိုနှင့် ဘောလခဲမြို့နယ်တို့တွင်တိုက်ပွဲများ ခေတ္တငြိမ်သက်နေသော်လည်း စစ်ကောင်စီက ရဟတ်ယာဥ်များဖြင့် ရိက္ခာပို့ဆောင်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ဆိုသည်။

“မနေ့က ဘောလခဲဘက်ကိုသွားတဲ့ ရဟတ်ယာဥ် လမ်းကြောင်း ရှိတယ်။လက်နက်ခဲယမ်း ရိက္ခာပို့တာ လို့ ယူဆတယ်။လောလောတယ် တိုက်ပွဲက ငြိမ်နေပေမယ့် စစ်ကောင်စီဘက်က တစ်ဖက်သက် လက်နက် ကြီးနဲ့ ပစ်နေတာတွေတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား) ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂)ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။

မြေပြင်စစ်ရေးသတင်းများအရ စကခ (၂)လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)မှ တပ်ရင်းများအပါအဝင် တပ်မ (၅၅ ၊၆၆၊ ၇၇၊ ၉၉) နှင့်( ၂၂)မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက် ရောက်ရှိနေပြီး စုစုပေါင်း စစ်ကောင်စီတပ်သား ၅,၀၀၀ ကျော် ကရင်နီသို့ ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိ ပင်လောင်း တောင်မဲသင်း တိုက်ပွဲ၊ ဖယ်ခုံနယ် ကုရင်းကျေးရွာ တိုက်ပွဲ၊မိုးဗြဲတိုက်ပွဲ နှင့် ဒီးမော့ဆို ဒေါတမကြီး၊တနီးလာလဲ တိုက်ပွဲများမှာ စစ်ကောင်စီတပ်ရင်းလိုက် ရာနှင့်ချီသေဆုံးမှုများရှိခဲ့ကာ စစ်ကောင်စီတပ်သားအရှင် ၁၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။