Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ပဇီကြီးရွာအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၍ ပြည်သူများသေဆုံး

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီ ၇ ရက်နှင့် ၈ ရက်များကလည်း စစ်ကိုင်းနှင့် ပုလဲမြို့နယ်ရှိ PDFစခန်း သုံးခုကို လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ရပြီး ရဲဘော် ခုနစ်ဦးထက်မနည်း ကျဆုံးခဲ့ရသည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

▪︎ပြည်သူ ၈၀ကျော်ထိခိုက်ပြီး ၃၀ခန့် သေဆုံးဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာအား စစ်ကောင်စီတပ်က Mi-35နှင့် ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီ ၁၁ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ပဇီကြီးရွာအား တံတားဦးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာနှင့် စတင်ပစ်ခတ်ပြီး မုံရွာအနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ( နမခ)မှ တက်လာသော Mi-35 ဖြင့် ရွာပတ်ပတ်လည်ထပ်မံပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“လူတစ်ရာလောက်ကို ထိတာဗျာ။ ပြည်သူတွေ ထိကုန်တာ။ ဒါမျိုး တခါမှ မကြုံဖူးဘူးဗျာ”ဟု မြေပြင်သို့ရောက်ရှိနေသော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပထမအကြိမ်ပစ်ခတ်ပြီးနောက် ရွာပတ်ချာလည်ကို Mi-35ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သတင်းရရှိသည်။ပြည်သူ့အုပ်ချုပ်​ရေးရုံး(ပအဖ)ရုံးဖွင့်ပွဲပြုလုပ်စဥ် ဗုံးကျဲတိုက်ခိုက်ခံရခြင်းဟုတ်မဟုတ်ကိုမူ People’s Spring သတင်းဌာနက သီးခြားအတည်မပြုနိုင်​သေးပါ။

“ကျွန်တော် ဖုန်းသတင်းရသလောက် လူ ၈၀ လောက်ထိတယ်။ အခုလောလောလောဆယ် ၃၀လောက် သေဆုံးသွားပြီတဲ့။ ဒဏ်ရာအပြင်းအထန်တွေ အများကြီးလို့ သိရတယ်” ဟု ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့သည့် ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီသည် ယခုလတ်တလောတွင် မြေပြင်မှ စစ်ကြောင်းထိုးနေပြီး ဒေသခံအများအပြား ပိတ်မိနေကြောင်း ၎င်းက ပြောသည်။

“လေကြောင်းကနေပစ်ပစ်ပြီးချင်း မလည်ရွာဘက်ကနေ တက်လာတဲ့ စစ်ကြောင်းက မြေပြင်ကနေ ပစ်တာ။ လေကြောင်းကနေပစ်လို့ ဒဏ်ရာရရှိတဲ့သူတွေကိုတောင် ဆွဲမထုတ်နိုင်ခဲ့တဲ့အခြေအနေပါ”ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“လေကြောင်းသတင်းရရင် ကျတော်တို့ဆီ ပို့ပေးကြပါဗျာ”ဟု အဆိုပါရဲဘော်က ​မေတ္တာရပ်ခံသည်။

ကန့်ဘလူနယ်နှင့်နီးစပ်သည့် ရွှေဘိုခရိုင် ပကဖ ရဲဘော်တစ်ဦးကလည်း “ပြည်သူတွေ တစ်ရာဝန်းကျင်လောက်ကို ထိသွားတာ။ ခင်ဦးနယ်အရှေ့မြောက်၊ ကန့်ဘလူနယ်တောင်ခြမ်း၊ ပကဖရုံးဖွင့်ပွဲလား၊ စုံညီပွဲလား တစ်ပွဲပွဲပဲ။ပကဖ ရုံးဖွင့်ပွဲ ဖြစ်ဖို့များတယ်။ ကျတဲ့သူတွေလည်း များတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ စုစုပေါင်း တစ်ရာဝန်းကျင်လို့ကြားတယ်။ ပစ်ပြီးတော့ပြန်သွားတာ။ စစ်ကြောင်းကမရှိဘူးဆိုတော့ အလောင်းတွေလိုက်ကောက် ပျောက်တဲ့သူတွေလိုက်ရှာနေတယ်လို့ ကြားတယ်။ အတည်ပြုလို့တော့ မရသေးဘူး။ သေတာက ခြောက်ဆယ်နီးပါးလောက်ရှိတယ်ကြားတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီ ၇ ရက်နှင့် ၈ ရက်များကလည်း စစ်ကိုင်းနှင့် ပုလဲမြို့နယ်ရှိ PDFစခန်း သုံးခုကို လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ရပြီး ရဲဘော် ခုနစ်ဦးထက်မနည်း ကျဆုံးခဲ့ရသည်။