Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်အထိနာ​နေသည့်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာနိုင်ဟု CNA ပြော

မေလ ၅ရက်က မတူပီ -ဟားခါးလမ်းအခြေစိုက်စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ် စခန်းကို ချင်း​ဒေသကာကွယ်​ရေးတပ်-မတူပီ(CDF-မတူပီ)ကစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ၊ ဗိုလ်မှူးတစ်ဦးနှင့် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတို့ သေဆုံးခဲ့သည်။

(CDF-မတူပီ တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့​သော ဗိုလ်မှူးကြီးစိုးမင်းလတ်/ စစ်တပ်ကချင်းပြည်နယ်မင်းတပ်တွင်​လေ​ကြောင်းကတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)
(CDF-မတူပီ တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့​သော ဗိုလ်မှူးကြီးစိုးမင်းလတ်/ စစ်တပ်ကချင်းပြည်နယ်မင်းတပ်တွင်​လေ​ကြောင်းကတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနေပြီး မတူပီမြို့နယ်တွင်လည်း ​မေ ၅ ရက်၌ စစ်တပ်ဗျူဟာမှူးအပါအဝင်အရာရှိ နှစ်ဦးသေဆုံးခဲ့သဖြင့် စစ်ကောင်စီတပ်လေကြောင်းမှ ပို၍တိုက်ခိုက်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောကြားသည်။

မေလ ၅ရက်က မတူပီ -ဟားခါးလမ်းအခြေစိုက်စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ် စခန်းကို ချင်း​ဒေသကာကွယ်​ရေးတပ်-မတူပီ(CDF-မတူပီ)ကစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ၊ ဗိုလ်မှူးတစ်ဦးနှင့် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတို့ သေဆုံးခဲ့သည်။

“စစ်ကောင်စီရဲ့လူကြီးယာဉ်တန်းကိုမတူပီဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ ပစ်ခတ်ပြီးတော့ အဲဒီမှာ ဗျူဟာမှူးရယ် ဗိုလ်မှူးရယ်သူတို့ ကားသမားရယ်ကျသွားပြီးတော့ သေနတ်တစ်လက်ရသွားတာပေါ့။ အဲဒါတွေ ရှိနေတယ်ဆိုတော့ အဲဒီဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေပိုရှိလာနိုင်မယ်လို့တွက်တာပေါ့”ဟု ဆလိုင်းထက်နီကပြောသည်။

(CDF-မတူပီ တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့​သော ဗိုလ်မှူးကြီးစိုးမင်းလတ်/ စစ်တပ်ကချင်းပြည်နယ်မင်းတပ်တွင်​လေ​ကြောင်းကတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)
(CDF-မတူပီ တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့​သော ဗိုလ်မှူးကြီးစိုးမင်းလတ်/ စစ်တပ်ကချင်းပြည်နယ်မင်းတပ်တွင်​လေ​ကြောင်းကတိုက်ခိုက်စဥ်။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်ဗျူဟာမှူးက ဗျူဟာကုန်းမှ တဆင့် မတူပီမြို့အတွင်းသို့ သွားရောက်စဉ် ဒေသကာကွယ်ရေးတပ်က လျှပ်တပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တက္ကသိုလ်(DSA)အမှတ်စဥ် ၄၂ ​ကျောင်းဆင်းဗျူဟာမှူးဗိုလ်မှုးကြီးစိုးမင်းလတ်သည် တမူးမြို့ ဈေးတန်းရပ်ကွက်တွင်နေသူဖြစ်ပြီး မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း ၎င်း၏မိသားစုကိုသိ​သော တမူးမြို့ခံများက အတည်ပြုသည်။

“စိုးမင်းလတ်ကတမူးသား။ သူ့အဖေကနေဝင်း။အမေက ဒေါ်ရွှေမှုံ။ အခုသူတို့ရဲ့သားသေတော့အပြင်တောင်မထွက်ရဲဘူး။ ဒါပေမယ့် မတူပီကိုလိုက်သွားမယ်ကြားတယ်”ဟုတမူးမြို့ခံတစ်ဦးကပြောသည်။

ထိုအပြင်ဟားခါးမြို့နယ်တွင်လည်းဂန့်ဂေါမှ တက်လာသည့် စစ်ကောင်စီ၏ တပ်မ (၇၇) စစ်ကြောင်းကို ချင်းပူးပေါင်းတပ်က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်နေသည်။​မေ ၆ ရက်တွင်လည်း အဆိုပါ ဒေသရှိ မာလ်ဆောမ်ရွာအနီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆလိုင်းထက်နီကပြောသည်။ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ဗုံးကြဲလေယာဉ်က ၂ ခါလာသွားတာပေါ့။ ရွာအပြင်မှာလည်းကြဲတယ်။ ရွာအထဲမှာလည်း ကြဲတာပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က ၂ယောက် အနည်းငယ်စီ ဒဏ်ရာရသွားတယ်။ သူတို့ဘက်ကတော့ ၅ယောက်ကျသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

မေလဆန်းမှစ၍ ဂန့်​ဂေါ-ဟားခါးလမ်းတစ်​လျှောက်တွင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ​မေလ ၅ ရက်တိုက်ပွဲတွင်စစ်တပ်မှ ၁၀ ဦး​ကျော်​သေဆုံးခဲ့ပြီး လက်နက် ၁၀လက်ထက်မနည်းချင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားသည်။

​မေ ၆ ရက်မနက်မှ ညနေပိုင်းအထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့သည်။ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ရွာသားများမှာ တိုက်ပွဲဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆလိုင်းထက်နီက ပြောသည်။

“သူတို့ကတော့လေယာဉ်ဖိသုံးလာမယ့်အနေအထားရှိတယ်။ အခုကလေးမြို့မှာလည်း လေယာဉ်တွေအတွက် ပြင်ဆင်နေတယ်လို့ သတင်းတော့ ကြားရတာပေါ့။”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်​ကောင်စီတပ် တပ်တွင်းသတင်း​ပေးအချို့က စစ်တပ်သည်၎င်းအထိနာ​နေ​သော ချင်း ၊ကရင်နီ စ​သော​​ဒေသများတွင်​မေလဆန်းစ၍​လေ​ကြောင်းတိုက်ခိုက်မှုပိုမိုပြုလုပ်မည်ဟုသိရ​​ကြောင်း​ပြောသည်။