Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအားအရေးယူပေးရန် နိုင်ငံတကာအားတောင်းဆိုသည့်အရေးကြီးအဆို လွှတ်တော်အတည်ပြု

မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ၊ နိုင်ငံတကာ၏ ထိရောက်သည့် ပံ့ပိုးကူညီမှုများဆက်လက်ရရှိရေး ကြိုးပမ်းသွားမည်ဟုလည်း ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား ထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေသည်ကို ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ၂၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား ထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေသည်ကို ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ၂၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

▪️ဆုံးဖြတ်ချက်ကို နိုင်ငံတကာပါလီမန်အဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့များထံ ပေးပို့မည်

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့သည်။

အဆိုပါ အရေးကြီးအဆိုကို ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးပြီး အဆိုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီးက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အထူးအဝေး၌ တင်သွင်းခဲ့ရာ ကချင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

အရေးကြီးအဆိုနှင့်ဆက်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးဆုံးဖြတ်ချက်မူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီက မတရားဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ပါ ဆုံးဖြတ်ချက်များကို အမြန်ဆုံးလက်တွေ့ကျကျ ဖော်ဆောင်ပေးရန် ကုလနှင့်အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းထားသည့်အချက်ပါဝင်သည်။

ထို့အပြင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနေ့စဉ် အရှိန်တိုးမြှင့်လုပ်ဆောင်နေ၍ သွေးမြေကျမှုများ ထပ်မံမပေါ်ပေါက်စေရေး လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် တိုက်တွန်းချက်နှင့် စစ်ကောင်စီတပ်၏ အကြမ်းဖက်ကျူးလွန်မှုများမှအကာအကွယ်ပေးနိုင်ရေးအတွက် R2Pအရ ဝင်ရောက်ဆောင်ရွက်ပေးရန် ကုလသမဂ္ဂအားတိုက်တွန်းတောင်းဆိုချက်တို့ မူကြမ်း၌ပါရှိသည်။

အရေးကြီးအဆိုနှင့်ဆက်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်မူကြမ်းအား အတည်ပြုပေးရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက သဘောတူ၍ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။

“အခုအခါမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေတဲ့ ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေရပ်ဆိုင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည်သူများအတွက် ရပ်တည်ပြီးတော့ လက်တွေ့ကျကျကူညီဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့ တောင်းဆိုဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။”ဟု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ပြောသည်။

ပြည်သူ့အသံများကို နားထောင်ပြီး လွှတ်တော်၏အဖြေရှာမှုပုံစံကို ချဲ့ထွင်စဉ်းစားကာ ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်နိုင်သည်အထိ အဆိုတင်သွင်း ထောက်ခံခဲ့သည့်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ဆိုးဝါးသည့် အခြေအနေများကို ကမ္ဘာကြီးက ရှင်းလင်းစွာသိစေရန် သုံးသပ်တင်ပြဆွေးနွေးခဲခြင်းအား ကျေးဇူးတင်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောသည်။

“ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ပါလီမန်အဖွဲ့၊ ဥရောပ ပါလီမန်၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့လည်း တိုက်ရိုက်ပေးပို့သွားရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေနဲ့ အချိန်နဲ့ တပြေးညီ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ ဖြစ်ပါတယ်”ဟုလည်း ဦးအောင်ကြည်ညွန့်က အသိပေးသည်။

မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ၊ နိုင်ငံတကာ၏ ထိရောက်သည့် ပံ့ပိုးကူညီမှုများဆက်လက်ရရှိရေး ကြိုးပမ်းသွားမည်ဟုလည်း ဦးအောင်ကြည်ညွန့်က ပြောကြားသည်။