Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီတပ်နဲ့ PNO တပ်များရှိရာအနီး ဆီဆိုင်မြို့နယ်မှာ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဆက်ဆံရေးရုံးသို့ လာရောက်တဲ့ အင်ဒိုနီးရှား၊ စင်္ကာပူသံတမန်များ၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA)မှတာဝန်ရှိသူများ လိုက်ပါလာတဲဲ့ ယာဉ်တန်း မနေ့က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီသံတမန်ယာဉ်တန်းဟာ တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ လာရောက်စဉ် ဆီဆိုင်မြို့နယ် နန်းဩရွာ မြောက်ဘက် သရက်ပင်ကြီးအကွေ့အရောက်မှာ ပစ်ခတ်ခံရတာပါ။ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်စခန်း နှစ်ခုအကြားမှာဖြစ်ပါတယ်။

ယာဥ်တန်း ပစ်ခတ်ခံခဲ့ရ​​သော​နေရာ ။
ယာဥ်တန်း ပစ်ခတ်ခံခဲ့ရ​​သော​နေရာ ။

▪️စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာက အရေးယူပေးဖို့ အရေးကြီးအဆို ပြည်​ထောင်စုလွှတ်တော်အတည်ပြု

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် စစ်ကောင်စီက ကျူးလွန်လျက်ရှိတဲဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးဖို့ တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်သွင်းခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီးက စစ်ကောင်စီရဲ့ ကျူးလွန်မှုများကို အမြန်အဆုံးသတ်နိုင်ရေး အရေးယူပေးဖို့ အရေးကြီးအဆိုကို တင်သွင်းခဲ့တာပါ။ အဲဒီအရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို နိုင်ငံတကာပါလီမန်အဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့များထံ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား ထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေသည်ကို ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ၂၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား ထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေသည်ကို ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ၂၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ – PS)

▪️စဥ့်ကူးနယ်တိုက်ပွဲ စစ်ကောင်စီရဲ့လက်နက်ကြီးတစ်လက် သိမ်းဆည်းနိုင်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။ အမှတ် (၁)စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်(ပကဖ)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များက စဉ့်ကူးမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာတဲ့ ရန်သူ စစ်တပ်နဲ့ ၎င်းတို့ရဲ့ လက်နက်ကြီးစခန်းကုန်းကို မေလ ၃ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ (၈၁)မမ စိန်ပြောင်းတစ်လက်ကို ရရှိခဲ့တာလို့ ဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး အီနာဂါဗုံးသီး၊ (၄၀)မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူအထိနာသောကြောင့် ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်အားပြသထားစဥ်။ ဓာတ်ပုံ - MOD-NUG)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်အားပြသထားစဥ်။ ဓာတ်ပုံ – MOD-NUG)

▪️ဧရာဝတီမြစ်အတွင်း စစ်ကောင်စီတပ်သားများလှေမှောက်၊ စစ်သား ခုနစ်ဦးသေဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဧရာဝတီမြစ်ရဲ့ မြစ်ခွဲတစ်ခုအတွင်း စစ်ကောင်စီတပ်သားများ လိုက်ပါလာတဲ့ လှေမှောက်ကာ စစ်သား ခုနစ်ဥဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာသို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်မှ စစ်သား ၁၁ ဦးဟာ မနေ့ မနက်အစောပိုင်းမှာ ရွာရဲ့အရှေ့ပိုင်းရှိ ဧရာဝတီမြစ်ရဲ့ မြစ်ခွဲတစ်ခုမှ တဖက်ကမ်းသို့ လှေနဲ့ကူးသန်းစဥ် လှေမှောက်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ လှေမှောက်မှုအတွင်း စစ်သား လေးဦးသာ အသက်ရှင်လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။

▪️စခန်းတွေထဲမှာ ပိတ်လှောင်ခံထားရမယ်ဆိုရင် မြန်မာနိုင်ငံ မပြန်ချင်ဘူးလို့ ရိုဟင်ဂျာတွေပြော

ပြန်လည်နေရာချထားရေးစခန်းတွေထဲမှာ ပိတ်လှောင်ခံနေရဦးမယ်ဆိုရင် မြန်မာနိုင်ငံ ပြန်သွားမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာတွေက ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်က မငြိမ်သက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ရိုဟင်ဂျာတွေ ကိုယ်ပိုင်ဆန္ဒနဲ့အညီ နေရပ် ပြန်နိုင်ရေးကိစ္စ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား ဆွေးနွေးခဲ့ပြီး ပထမဆုံးအကြိမ် ရိုဟင်ဂျာကိုယ်စားလှယ်​တွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိ​တွေ စစ်​ကောင်စီကပြန်​ဆောက်​ပေးထားတဲ့ ဒုက္ခသည်​တွေထားမယ့်ဆိုတဲ့စခန်း​တွေကို လာ​ရောက်​လေ့လာတဲ့အချိန်မှာရိုဟင်ဂျာတွေက အခုလို သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

▪️ခင်ဦးနယ် စစ်ကောင်စီတပ် စစ်ကြောင်းမီးရှို့နေလို့ ဒေသခံခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ကဘွက်ရွာနဲ့ ကုတ္တက်ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းဟာ ဒီနေ့ မနက်မှာ ဘေးပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီး၊ငယ်များနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရတာလို့ ဆိုပါတယ်။ နောက်ထပ် စစ်ကြောင်းမှာ ခင်ဦးမြို့နယ် အနောက်ခြမ်း မြကန်ကျေးရွာမှတစ်ဆင့် အောင်သာရွာ၊ ကုန်းသာကျေးရွာကို လက်နက်ကြီး၊ငယ်များနဲ့ ပစ်ခတ်ကာ ခြေလျင်စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

▪️မန္တလေး NLD ပါတီတိုင်းရုံး ညအချိန် ထပ်မံဖျက်ဆီးခံရ

မန္တလေးတိုင်းရဲ့ NLD ပါတီတိုင်းရုံးကို ပြီးခဲ့တဲ့ မေလ ၆ ရက်ညပိုင်းက လူအုပ်စုလိုက် လာရောက်ဖျက်ဆီးသွားတယ်လို့ အဲဒီရုံး အနီးဝန်းကျင်မှာ နေထိုင်သူအချို့ထံကသိရပါတယ်။ ချမ်းအေးသာစံမြို့နယ် ၊ ၆၂ လမ်းပေါ်မှာရှိတဲ့ NLD ပါတီတိုင်းရုံးဆီ ညအချိန် ကရိန်းကားပါ ခေါ်လာတဲ့ လူအုပ်စုဟာ ဝင်ရောက်ဖျက်ဆီးတာလို့ဆိုကြပါတယ်။ ရုံးမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို ကရိန်းနဲ့ဆွဲခွာချသလို မျက်နှာစာက သံဘာဂျာတံခါးကို ကရိန်း ဆွဲဖျက်သွားခဲ့တယ်လို့ ဒေသခံအချို့ဆီက ပြောပါတယ်။ အခုလို ဖျက်ဆီးခံရတဲ့ NLD မန္တလေးတိုင်းပါတီရုံးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ဖျက်ဆီးခံရတဲ့အဆောက်အဦးလည်းဖြစ်ပါတယ်။

မန္တလေး NLD ပါတီတိုင်းရုံး ညအချိန် ထပ်မံဖျက်ဆီးခံရ
မန္တလေး NLD ပါတီတိုင်းရုံး ညအချိန် ထပ်မံဖျက်ဆီးခံရ