close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် ဆိုးရွားစွာ ရေကြီးနေ၊ ကယ်ဆယ်ရေးနှောင့်နှေးနေ၍ ပြည်သူအချို့ နေအိမ်ခေါင်မိုးနှင့် သစ်ပင်များပေါ် တက်နေရ

ဝမ်းတွင်းရှိ ဆည်နှစ်ခုရေလွှတ်၍ ကျေးရွာအများအပြား အရေးပေါ်ရွှေ့ပြောင်း

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကယ်ဆယ်ရန်လိုအပ်နေသော ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပျဥ်းမနားနှင့် တပ်ကုန်းမြို့နယ်တို့တွင် ရေထပ်တက်နေပြီး ကျေးရွာအများအပြားရေမြုပ်ကာ ပြည်သူများပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

“ကယ်ဆယ်ရေးတွေက မနက်ကတည်းက လှုပ်ရှားတယ်။ မြင်နေရပါလျက်နဲ့ ရေစီးသန်၊စက်လှေတွေနဲ့ ကူးမရ၊ ခုည သစ်ပင်ပေါ်၊ ခေါင်မိုးပေါ်က လူတွေကိုထမင်းထုပ် လိုက်ဝေနေတယ်။”ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးများမလာနိုင်၍ ပြည်သူအချို့မှာ နေအိမ်ခေါင်မိုးများ၊ သစ်ပင်များပေါ်၌ တက်နေရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကယ်ဆယ်ရန်လိုအပ်နေသော သံဃာတော်နှင့် ကိုရင်ငယ်များကို တွေ့ရစဥ်။ဓာတ်ပုံ – CJ

“ပေါက်တောကျေးရွာ ဆိုင်းဘုတ်နံဘေး သစ်ပင်ပေါမှာ လူတွေပိတ်မိနေတယ်။ ရေတွေလည်း ကပ်နေပြီး ဖုန်းအားမရှိတော့ဘူး။ ကယ်ဆယ်ရေးလဲ မလာသေးလို့ပါ။ လူတွေ အများကြီးပါ။ သစ်ပင်ပေါ်မှာမို့ အရမ်းစိုးရိမ်ရလို့ပါ။”ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်၌ အသိပေးထားသည်။

“ဘုန်းဘုန်းတို့ ကျောင်းခေါင်မိုးပေါ် တက်နေရပါပြီ။ ညပိုင်းရေအဆက်မပြတ်တက်နေရင်လွတ်၊မလွတ်မသေချာပါဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု ညောင်ပင်ကြီးကပါ။ရွာသူရွာသားတွေကို ကူညီကယ်ဆယ်ပေးနိုင်ကြပါစေ။ ဒီည မသေကြဘူးဆိုရင်ပေါ့”ဟု ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ညောင်ပင်ကြီးရွာမှဆရာ​တော်တစ်ပါးကလည်း ​နေပြည်​တော်​ဒေသခံများအသုံးပြု​သော ​ဖေစ်ဘွခ်ဂရုတွင် စက်တင်ဘာ၁၁ရက် ည ၉ နာရီ​ကျော်တွင် ​ရေးသား အကူအညီ​တောင်းခံထားသည်။

ယခုညပိုင်းတွင် နေပြည်တော် နှင်းဆီပန်းအဝိုင်းမှ ဘောဂသီရိကားကွင်းကြား ရေစမြုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

တပ်ကုန်းမြို့နယ် မန်ကျီးပင်ရွာ စစ်ဆေးရေးဂိတ်အနီးရှိ အုတ်ဖိုကျောင်း၌ သံဃာတော်များနှင့်ကိုရင်ငယ်များ နံနက်၂နာရီခွဲကတည်းက ယခုညပိုင်းအထိ ပိတ်မိနေပြီး ကျောင်းခေါင်မိုးပေါ် တက်နေရ၍ လာရောက်ကယ်ဆယ်ပေးကြရန် ကျောင်းတိုက်တရာတော်က မေတ္တာရပ်ခံထားသည်။

” ၂နာရီခွဲ (ည​နေ) ကတည်းကမိုးထဲနေနေရတာ ဘယ်သူမှလာမကယ်ကြ ။ခုထိပါပဲ အားလုံးဆုတောင်းမေတ္တာပို့သပေးကြပါ။ ကိုရင်လေးတွေကို ရင်ခွင်ထဲထည့်ထားပါတယ်။ဘယ်တတ်နိုင်ပါ့မလဲ ကိုယ်ကံတရားကဒီလိုပါလာတာဆိုတော့။ မနက်နေမြင်ရပါ့မလား။ ကိုရင်လေးတွေတအားချမ်းတုန်နေ။ ကိုရင်လေးတွေအားလုံးအဆင်ပြေပါတယ် ခုထိတော့ဒီညလာကယ်ရရင် လာကယ်ပေးကြပါ။ မေတ္တာရပ်ခံပါတယ်”ဟု ဆရာ​တော်က ​​ဖေစ်ဘွခ်တွင်​ရေးသား ​​မေတ္တာရပ်ခံထားသည်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ဆည်နှစ်ခုရေလွှတ်နေ၍ ကျေးရွာအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ၁၀ ရက်)ကတည်းက သည်းထန်စွာရွာသွန်းနေသောမိုးကြောင့် ဝမ်းတွင်းမြို့နယ်ရှိ စမုံဆည်နှင့် ကင်းတားဆည်မှာ ရေများဖွင့်ချနေရပြီး ယနေ့(စက်တင်ဘာ ၁၁ရက်) ညပိုင်းတွင် ဆည်အောက်ဘက်ရှိ ကျေးရွာအများအပြားအား ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

“စမုံဆည်က မနိုင်လို့ဆိုပြီးလွှတ်တာ။နောက်ထပ် (၂)ပေဆိုလား လွှတ်ဦးမယ် ပြောတယ်။ ကင်းတားဆည်ကလည်း လွှတ်တယ်။ တပ်ကုန်းဘက်ကရေတွေရယ်၊ စမုံချောင်းရေကလည်း တက်တယ်။ကင်းတားကလည်း ထပ်လွှတ်ဦးမှာတဲ့။ ကင်းတားအောက်ကရွာတွေတော့ ရွှေ့ခိုင်းနေတယ်။”ဟု ဝမ်းတွင်းဒေသခံတစ်ဦးက ပြောသည်။

ကင်းတားဆည်မှာ ရေပြည့်မှတ်ရောက်ရန် နှစ်ပေခန့်သာ လိုသောကြောင့် ရေပို၊ ရေလွှဲတံခါးလေးချပ်မှ ပန်းလောင်မြစ်ထဲသို့ အရေးပေါ်ရေလွှဲနေကြောင်း၊ ကင်းတားမြောင်းဘောင်ကြီး ထဲသို့လည်း သာမန်ထက်ရေများပိုလျံအောင်လွှတ်ထားနိုင်ခြေရှိ၍ မြို့နယ်အရှေ့ခြမ်းမှ ကင်းတားမြောင်းဘေးတလျှောက်နေပြည်သူများ သတိပြုနေထိုင်ကြရန် Voice Of Wundwin အဖွဲ့က သတိပေးသည်။

“နေရာတိုင်း ရေတွေပဲ။ ဆည်ကျိုးလို့မကြီးလည်း မိုးရွာရေနဲ့မြုပ်နေကြတာကိုး။ ခုဟာက စမုံဆည် ဘက်ကဖြစ်တာပါ။ အဲ့ဆည်အောက်ကရွာတွေက ဘုန်းကြီးကျောင်းက မိုက်နဲ့အော်နေတာပြောတယ်။ ရေမတက်နိုင်မဲ့နေရာတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့တပြိုင်တည်းရေကြီးနေသည့် ရမည်းသင်းမြို့နယ်တွင်လည်း ရေကြီးမှုကြောင့် ရွှေမြင်တင်တောင်တော် တစ်ခြမ်းပြိုသွားပြီး ဘုရားစေတီများနှင့် မြောက်ဘက်စောင်းတန်းလဲပြိုသွားကြောင်း၊ ရွာဦးဘုန်းကြီးကျောင်းလည်း တစ်ခြမ်းပါသွားကြောင်း ဒေသခံများက ပြောသည်။

တောင်ငူမြို့နယ်တွင်လည်း ဆွာဆည်နှင့်သောက်ရေခပ်ဆည်များမှလည်း ရေလွှတ်ထားပြီး စစ်တောင်းမြစ်တလျှောက် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်​များနှင့် လေပွေလှိုင်း​များကြောင့်စက်တင်ဘာလ ၉ရက်မှ စက်တင်ဘာလ ၁၂ရက်အတွင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ရှမ်းပြည်နယ်တို့မှာမိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေး အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နောက်ထပ် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ကချင်၊ ရှမ်း(မြောက်ပိုင်း)နှင့် ကယားတို့တွင် နောက်ထပ် ၄ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးသည်ထန်စွာရွာနေပြီး တာချီလိတ် - မိုင်းဆတ် လမ်းပိုင်းရှိ တံတားတစ်စင်းနှင့် တာချီလိတ်မြို့အဝင်ရှိ တံတာတစ်စင်း ရေစီးကြောင့် ကျိုးကျသွားကြောင်း သတင်းရရှိသည်။

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်အပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်စ​သော မြန်မာ နိုင်ငံအလယ်ပိုင်းမြို့နယ်များတွင်ပါ ရေကြီးနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။

သတင်း

မြန်မာနိုင်ငံအထက်ပိုင်းမှလွဲ၍ကျန်ဒေသများ မိုးကြီးနေပြီး ရေဘေးသင့်​ဒေသများ တိုးလာကာ ယနေ့(စက်တင်ဘာလ ၁၁ရက်)တွင် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်မှ မြို့နယ်အချို့ ရေဘေးစတင်ကြုံတွေ့နေရသည်။

သတင်း

ရှမ်းပြည်နယ်တွင် လက်ရှိကြုံတွေ့နေသောရေဘေး ပိုမိုဆိုးရွားလာပြီး မိုးလည်းပိုများလာကာ ရေဘေးကြုံရသည့်မြို့နယ်များအတွက် ကူညီကယ်ဆယ်ရေး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။

Facebook