close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်၌ ‌မိုးကောင်းနေပြီး ရေဘေးအခြေအနေပိုဆိုးလာ

ရှမ်းပြည်နယ်တွင် လက်ရှိကြုံတွေ့နေသောရေဘေး ပိုမိုဆိုးရွားလာပြီး မိုးလည်းပိုများလာကာ ရေဘေးကြုံရသည့်မြို့နယ်များအတွက် ကူညီကယ်ဆယ်ရေး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။

အောင်ပန်းမြို့နေရာအချို့ ရေကြီးနစ်မြုပ်မှုြဖစ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မိထက်၊ဇေအောင်/People’s Spring

ရှမ်းပြည်နယ်တွင် လက်ရှိကြုံတွေ့နေသောရေဘေး ပိုမိုဆိုးရွားလာပြီး မိုးလည်းပိုများလာကာ ရေဘေးကြုံရသည့်မြို့နယ်များအတွက် ကူညီကယ်ဆယ်ရေး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း YAGIမှ အကြွင်းအကျန်တိမ်တိုက်များဝင်ရောက်နေစဉ် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းနေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စံချိန်တင်ရေကြီးနေပြီး မြို့ပေါ်ရပ်ကွက်ခြောက်ခုထက်မနည်း ရေကြီးနစ်မြုပ်နေသည်။ ရေဘေးသင့်ပြည်သူငါးထောင်ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားရသည်။ လူအချို့သည် အိမ်ထဲ၌ပိတ်မိနေကြပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကို စောင့်နေကြသည်ဟု ယနေ့(စက်တင်ဘာ ၁၀ရက်)ညနေအခြေအနေကို ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

‌တာချီလိတ်မြို့တွင် မိုးဆက်ရွာနေသလို မြို့ပေါ်ရပ်ကွက်များ၌ ရေဆက်လက်မြင့်တက်နေကြောင်း လူမှုကူညီရေးအဖွဲ့များက သတိပေးထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပန်ဆန်းအပါအဝင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့တို့၌လည်း ရပ်ကွက်အချို့ ရေစတင်ဝင်ရောက်နေပြီဟု ဒေသခံများက ပြောသည်။

ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့၊ ပင်းတယ၊ ရွာငံ၊ ကလော၊ အောင်ပန်းမြို့နယ်တို့၌ မိုးသည်းထန်စွာရွာနေပြီး ဒေသတွင်း မြစ်ချောင်းများရေလျှံနေသည်ဟု ဒေသခံများက ပြောသည်။

” ရှမ်းတောင်ကားလမ်းမတွေ ရေမြုပ်နေလို့ ကားတွေ ပိတ်မိနေတာရှိတယ်။ အဓိကက တောင်ကျရေဆင်းတာ။ မိုးမရပ်ရင်တော့ အရေးပေါ်အခြေအနေဖြစ်နိုင်တယ်”ဟု အောင်ပန်းမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကလောနှင့် အောင်ပန်းမြို့နယ်တို့တွင် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများ ရေကြီးနှစ်မြုပ်နေပြီး ဒေသခံအချို့သည် ဘေးလုပ်ရာသို့စတင်တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၉ ရက် ညကတည်းက သည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် ချောင်းရေတက်လာ၍ ကလောမြို့ပေါ်ပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး မြို့ပေါ်ရပ်ကွက် (၂၊၃၊၄)ရပ်ကွက်များ ရေမြုပ်နေကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညထဲက မိုးရွာတာအခုချိန်ထိ။ ချောင်းရေတတ်တော့ တမြို့လုံးရေကြီးတာ။ ရပ်ကွက်(၂)အနိမ့်ပိုင်းမှာ လူတစ်ရပ်လောက်မြုပ်တယ်။ဒီတခေါက်အကြီးဆုံးပဲရေတက်တာ ခါတိုင်းပလောင်စျေးလောက်ပဲတက်တာ။”ဟု ကလောဒေသခံတစ်ဦးက ပြောသည်။

ရေနစ်မြုပ်နေသည့်ရပ်ကွက်များတွင် အရေးပေါ်ထွက်ရန် လှေလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် မိတ္ထီလာ-တောင်ကြီးလမ်းပိုင်း ယင်းမာပင်ကျေးရွာအနီး၌ တောင်ပြိုပြီး ချောင်းရေကြီးနေ၍ ကားများဖြတ်သန်း၍ မရသေးကြောင်း၊ အတက်ကား အဆင်းကားများ နှစ်ဘက် တန်းစီစောင့်ဆိုင်းနေရကြောင်း ခရီးသွားအချို့က ပြောသည်။

စစ်ကောင်စီသည် ရေဘေးသတိပေးချက် လုံလောက်စွာ ထုတ်ပြန်ခဲ့ခြင်းမရှိသလို ကယ်ဆယ်ရေးလုပ်ဆောင်ရန်လည်း အဆင်သင့်ရှိမနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းမှ ရေဘေးသင့်ဒေသခံများက ပြောသည်။

” မိုးဇာလက ထုတ်ပြန်ပေမယ့် အဖြစ်သဘောတွေ ထုတ်တာ။ စစ်ဘေးသင့်ဒေသတွေမှာ အင်တာနက်လည်းရမနေဘူး။ ရေဒီယိုလည်းနားထောင်စရာမရှိဘူး။ ရေတက်လာမှပြေးရသွားရတာ။ ဘာအကူအညီမှ မရဘူး”ဟု ကလောမြို့မှဒေသခံတစ်ဦးက ပြောသည်။

YAGI မုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်များနှင့်လေပွေလှိုင်းများသည် ရှမ်းပြည်နယ်ကို ဝင်ရောက်ပြီးနောက် မန္တလေးတိုင်းကို ဆက်လက်ဖြတ်သန်းမည်ဖြစ်၍

မန္တလေးတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးများလာနိုင်ကြောင်း သတိပေးချက်များ ရှိနေသည်။

မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နှစ်ကျေးရွာများတွင် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ထားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။

ထိုဒေသများတွင် မိုးရွာနေသော်လည်း ရေဘေးကြုံသည့်အဆင့်သို့မရောက်ရှိသေးပေ။ သို့သော် ယနေ့မှစ၍ နောက်သုံးရက်အတွင်း မိုးကောင်းနိုင်ကြောင်း သတိပေးချက်များ ရှိနေသည်။

လတ်တလောရာသီဥတုအခြေအနေအရ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရေဘေးနှင့်မြေပြိုမှုဘေးသတိပြုကြရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးချက် ထုတ်ပြန်ထားသည်။

မိုးကြီးနိုင်ကြောင်း သတိပေးထားသည့်ဒေသများအနက် ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်တို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။လတ်တလောအခြေအနေတွင် ရေဘေးရော စစ်ကောင်စီလေကြောင်းရန်ကိုပါ သတိပြုနေကြရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မိုးသည်းထန်စွာရွာနေ၍ မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်များရေဘေးဆိုးဝါးစွာကြုံတွေ့နေသည်။

သတင်း

လတ်တလော စစ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ် အပြင် ရေဘေးအန္တရာယ်ပါ သတိပြုနေထိုင်ကြရန် ဒေသခံပြည်သူများအား အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများကတော့ သတိပေးနေကြသည်။

သတင်း

ဘင်္ဂလားပင်လယ်‌အော်မှ လေဖိအားနည်းရပ်ဝန်အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်ကိုးခု၌ မိုးကြီးနိုင်ပြီး ရေးဘေးသတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ယ‌နေ့(စက်တင်ဘာ ၂ရက်) သတိပေးချက်ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း ရေဘေးကြုံရမှုကြောင့် စပါးခင်းထက်ဝက်ကျော်မှ စပါးပင်များသေဆုံးခဲ့ကြောင်း ခရိုင်လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

Facebook