close
Connect with us

Hi, what are you looking for?

သတင်း

ကချင်သို့ ဦးတည်လာသည့် စစ်ရေယာဉ်အုပ်စု တစ်စင်းသာ ဗန်းမော်ရောက်လာဟုဆို

ကျန်ရေယာဉ်များအား KIA/PDF တိုက်ခိုက်ဖျက်ဆီးနိုင်ပြီး စစ်သုံ့ပမ်းများလည်းဖမ်းမိဟု သတင်းရင်းမြစ်အချို့ပြော

ထီးချိုင့်မြို့နယ်အတွင်း ရောက်ရှိစဉ်က တွေ့ရသော စစ်ကောင်စီရေယာဉ်များ။ ဓာတ်ပုံ - TR

သားကြီး၊ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်း၊ရိက္ခာပစ္စည်းများဖြည့်တင်းရန် ဧရာ၀တီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက လမ်းတလျှောက် တိုက်ခိုက်ခဲ့ရာ ရေယာဉ်များပျက်စီးနစ်မြုပ်မှုများရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စက်တင်ဘာ ၁၇ရက်တွင် ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ ဖလက်သံခွန်သင်္ဘော ၇စီးအနက် ၂စီးသည် ဒုတိယ မြစ်ကျဉ်းအထက်နား၌ လက်နက်ကြီး ထိမှန် နစ်မြုပ်ခဲ့ပြီး ၄စီးသည် ဗန်းမော်မြို့နယ် မြလည် ရွာအနီးတွင် လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ရေယာဉ်များအနက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် ချောဆွဲလာသည့် စက်လေ တစ်စင်းသာ ဗန်းမော်မြို့သို့ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

” ခဲယမ်းရိက္ခာတင်ဆောင်ထားသောအဓိကဖလက်သံခွန်သင်္ဘောအားလုံးကိုပစ်ခတ်ဖျက်စီးနိုင်ခဲ့ပြီး ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သော ဖလက်သံခွန်သင်္ဘောအားလုံးစုစုပေါင်း ၈စီးဖြစ်ပါသည်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြားတွင် ရေယာဉ် ၆စီးဖျက်ဆီးနိုင်ခဲ့ပြီး ထီးချိုင့်မြို့နယ် မြတောင်အနီး ၂စီးဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

” တင်ဆောင်လာသောလက်နက်ခဲယမ်းနဲ့ရိက္ခာများအားလုံးရေထဲမျော်ပါနစ်မြုတ်သွား။ သင်္ဘောပေါ်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ရေထဲခုန်ချထွက်ပြေးသွား။ တစ်ချို့သော စကစ အလောင်းများသင်္ဘောပေါ်မီးလောင်သေးဆုံးနေတာတွေ့ရှိ။ စခအရှင်တစ်ချို့ကိုဖမ်းမိထားတာရှိကြောင်းသတင်းရရှိပါသည်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သယ်ဆောင်ရန်ကြိုးစားနေသည့် စစ်ကောင်စီသင်္ဘောအုပ်စုကို KIA နှင့် PDFက ကြားဖြတ်တိုက်ခိုက်မှုတွင် လက်နက်ခဲယမ်းများသယ်ဆောင် လာသည့်သင်္ဘောအပါအဝင် ရေယာဉ်များနစ်မြုပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားကြောင်း ပြောပြသည်။

ရွှေကူမြို့ဆိပ်ကမ်းမှထွက်ခွာလာပြီး စက်တင်ဘာလဆန်းမှစ၍ ဗန်းမော်မြို့သို့ ဆန်တက်နေသည့် ရှစ်စီးပါ စစ်ကောင်စီသင်္ဘောအုပ်စုကို ရွှေကူနှင့်ဗန်းမော်ကြားတွင် KIA နှင့် PDFက ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုသည်။

စက်တက်ဘာလ ၁၇ရက်က တိုက်ခိုက်မှုတွင် စစ်ကောင်စီသင်္ဘောအုပ်စု အလွန်အထိနာသွားပြီး လက်နက်ခဲယမ်းများတင်ဆောင်လာသည့် သင်္ဘောအပါအဝင် ငါးစီးနစ်မြုပ်သွားကြောင်း၊ နှစ်စီးပျက်စီးခဲ့ပြီး တစ်စီးသာ ဗန်းမော်သို့ ရောက်ရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲ ဘော်အချို့က ပြောသည်။

“မြစ်ကြောင်းတလျှောက် စောင့်ပြီး တိုက်တာ။ တကယ့်မြစ်ကြောင်းတိုက်ပွဲပဲ။ ညဘက်တွေဆို ‌လှေတွေနဲ့ ကပ်ဆော်တာ။ တော်တော်လေးကို ပွဲကြီးတယ်‌ဗျ။ ကိုယ့်ဘက်ကလည်း ဒရုန်းနဲ့ ဆော်တယ်။ တစ်ချက်တည်း ၁၂ ယောက်အထိ သေတာရှိတယ်။ စစ်တပ်ကလည်းလေကြောင်းကနေလာပစ်တယ်။ အခုတော့ တစ်စီးပဲ ဗန်းမော်ကိုရောက်သွားတယ်”ဟု ထောက်ပို့ရဲ ဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသင်္ဘောအုပ်စုသည် တိုက်ခိုက်ခံနေရသည့်ကာလအတွင်း ရွှေကူမြို့ဆိပ်ကမ်းတွင် သင်္ဘောများအား ပြင်ဆင်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရကြောင်းသတင်းရရှိသည်။ သင်္ဘောများအားပြင်ဆင်နေစဉ် စစ်ကောင်စီက ရွှေကူမြို့နယ်အတွင်းကျေးရွာအချို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဩဂုတ်တတိယလပတ်တွင် ထွက်ခွာလာပြီး စဉ့်ကူး၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာမြို့များကိုဖြတ်ကာ ရွှေကူမြို့ရောက်ရှိလာခြင်းဖြစ်သည်။ကသာမြို့နယ်ကို ဖြတ်သန်းစဉ် စစ်ကောင်စီ၏ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်းရွာလေး၊ ကလုံနှင့် အင်းရွာတို့မှ ဒေသခံသုံးဦးသေဆုံးခဲ့သည်။

အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ KIA နှင့်PDF ပူးပေါင်းတပ်များသည် ကချင်ပြည်နယ်ဖားကန့်မြို့မှ စစ်ကောင်စီစခန်းအချို့ကိုလည်းတိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

ကချင်ပြည်နယ်သို့ စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်သည့် သင်္ဘော ၂စီးကို ထီးချိုင့်မြို့နယ်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်မှု သတင်းကို ရရှိထားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခင်က ပြောကြားထားသည်။ လက်ရှိ စစ်ကောင်စီတပ်ရေယာဉ်များ တိုက်ခိုက်မှုအခြေအနေကို မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ် ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ ရေယာဥ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့ နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ် မိုးမောက်-ဗန်းမော်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။