မိထက်/People’s Spring
စစ်ကောင်စီတပ်စွဲထားသည့်ဒီပဲယင်းမြို့ပေါ်မှ နေရာငါးနေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များအထိုင်ချတပ်စွဲထားသောကံပြားရွာပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ရွှေဇာလီဘုရား၊ အ.ထ.ကစာသင်ကျောင်းနှင့် ကုန်းသာဦးဘုရားဝင်းတို့အားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ (၁၇)ရက်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သူတို့ကင်းတွေ မလှည့်နိုင်တော့အောင် စိုးမိုးနယ်မြေ ပြန်ယူတာပါ။ ရလဒ်ကောင်းပါတယ်”ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
အဆိုပါ ၅ နေရာအား တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ရာ ကံပြားရွာ ပုပ္ပါရုံကျောင်းတွင်တပ်စွဲထားသော စသားခန့်မှန်းအင်အား (၂၀)ခန့်မှာ အထိခိုက်များစွာဖြင့် တပ်စွဲထားသောနေရာအား စွန့်ခွာထွက်ပြေးသွားသည်ဟုFreedom Revolution Force (FRF)ကထုတ်ပြန်သည်။ထို့အပြင်ရွှေဇာလီကုန်းပေါ်မှ စစ်ကောင်စီတပ်သားများမှာ (၄၀)မမများ တိုက်ရိုက်ထိမှန်ပြီး ဒဏ်ရာရသူများကိုသယ်
ဆောင်၍ စာသင်ကျောင်းဘက်သို့ထွက်ပြေးသွားသည်ဟု FRF ကအသိပေးသည်။
စက်တင်ဘာလ၁၇ရက်က အဆိုပါစစ်ဆင်ရေးကို Freedom Revolution Force (FRF)နှင့်အတူ ဒီပဲယင်းမြို့နယ်ပကဖ (တိုက်နယ် (၅)၊ Burmese Guerrilla Force (GBF) ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိခဲ့ဟု သတင်းထုတ်ပြန်ထားသည်။
ဒီပဲယင်းမြို့ရှိစစ်တပ်စခန်းများကို PDF ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ၁၅ရက်ညနေမှ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်၊ နံနက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ သို့သော်ထို့နေ့တွင်ပင် စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး ရဟတ်ယာဥ်ဖြင့်စစ်ကူများစေလွတ်၍ ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ထိုနောက်ပိုင်းတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းသုံး၍ အင်အားအများအပြားဖြည့်တင်းထားကြောင်းသတင်းရရှိသည်။
မြို့တွင်း၌ပြန်လည်တပ်ဆွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်များ၊ ခြံဝန်းများအတွင်းPDFများ ဝင်ရောက်နေရာမယူနိုင်ရန် စစ်ကြောင်းထိုး၍စစ်ဆေးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။ ဒီပဲယင်းမြို့ပေါ်မှာလွဲ၍ ပတ်ဝန်းကျင်ကျေးရွာများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။ မြို့ပေါ်လူဦးရေငါးထောင်နီးပါးသည် ဘေးပတ်ဝန်းကျင်ကျေးရွာများ၌ တိမ်းရှောင်နေရဆဲဖြစ်သည်။
“ပြည်သူတွေရဲ့ လေကြောင်းအန္တရာယ်အတွက် ကျနော်တို့တွေ ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
သြဂုတ်လလယ် ဒီပဲယင်းမြို့သိန်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် လေးဦး ကျဆုံးခဲ့သည်။ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများသည့် အပြင် လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံးသီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။