close
Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်

စစ်တပ်က ဒေသခံပြည်သူ ၁၀၀ခန့်ဖမ်းဆီးပြီး နှစ်ဦးကို မီးရှို့သတ်ဖြတ်

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူများ​၏ နေအိမ်အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်းအမှတ်(၁)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဆက်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်းအမှတ်(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိတွေ့တိုက်ပွဲများမှာ စက်တင်ဘာ ၉ရက်တွင် လိပ်ဥသောင်ရွာအနီး တစ်ကြိမ်၊ ၁၄ ရက်တွင် ဖော့ရွာအနီး တစ်ကြိမ်၊ ၁၆ ရက်တွင် ရှပ်ပုံရွာအနီးတစ်ကြိမ်နှင့် စက်တင်ဘာ ၁၈ ရက်တွင် ရှပ်ပုံအုပ်စု၌ နောက်ထပ်တစ်ကြိမ် ထိတွေမှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေ ဆုံးရှိနိုင်သော်လည်း အတိအကျမသိရသေးပေ။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် ကျောက်သင်္ဘော၊ လယ်ဖက်နှင့် လိပ်ဥသောင်ကျေးရွာများမှ ပြည်သူ ၄၅ ဦး၊ ၅ မိုင်ရွာမှ ၁၀ ဦးနှင့် ရှပ်ပုံစံပြ၊ မီးလောင်အော်ကစသည့်ကျေးရွာများမှ ပြည်သူ ၄၀ ဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားရာ ပြန်လွှတ်ပေးခြင်းရှိ၊ မရှိ မသိရသေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ခလရ (၂၈၅)ကို ခေါ်သွားတယ်လို့ သိထားရတယ် ခင်ဗျ။ ပြန်လွှတ် မလွှတ်ကတော့ မသိရသေးပါဘူး”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာ ၁၅ရက်က (၅)မိုင်ကျေးရွာသို့ဝင်ရောက်ပြီး ပြည်သူများ​၏ နေအိမ်ကိုးလုံးကို အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးသည့်အပြင် စက်တင်ဘာ ၁၈ ရက် ညပိုင်းကလည်း မီးလောင်အော်ကျေးရွာ ဝင်ရောက်၍ နေအိမ် ၃၁ လုံး၊ ရှပ်ပုံမှ နေအိမ်သုံးလုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်ရင်း(၁)က အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများသည် ပြင်းငယ်ကျေးရွာ၊ ရှပ်ပုံစံပြကျေးရွာတို့ရှိ ပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းပြုလုပ်ခြင်း၊ နေအိမ်များဖျက်ဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်များကို ခိုးယူခြင်းများ လုပ် ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ နေအိမ်များအား မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းအပြင် ရှပ်ပုံနှင့် မီးလောင်အော်ကျော်ရွာများမှ အ မျိုးသားတစ်ဦးနှင့် သင်ကြီးအဘွားအိုတစ်ဦးတို့အား မီးရှို့သတ်ဖြတ်သွားကြောင်း တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အမျိုးသားတစ်ဦးကိုတော့ ရိုက်နှက်ထားတဲ့ သွေးကွက်တွေ အိမ်ရှေ့မှာ တွေ့ရတယ်။ ပြီးမှ အိမ်ပေါ်ဆွဲတင်ပြီး ဓာတ်ဆီလောင်းမီးရှို့ထားတယ်ဗျ။ အဘွားအိုကတော့ မပြေးနိုင်ဘဲ အိမ်ထဲနေတုန်း မီးလောင်သွားတာ”ဟု ပြည်သူနှစ်ဦးသတ်ဖြတ်ခံရသည့်ဖြစ်စဥ်အား ၎င်းက ဆက်ပြောသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်မာလျှက်ရှိကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် ပုလောမြို့နယ်အတွင်း တိုက်ပွဲများပိုမို ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သဖြင့်ပြည်သူများအနေနှင့် စစ်ရေးသတိ အမြဲရှိရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးကြပါရန် အကြံပြုတိုက်တွန်းထားသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူများ​၏ နေအိမ်အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – မြိတ်ခရိုင် တပ်ရင်းအမှတ်(၁)

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် စက်တင်ဘာလဝက်အတွင်းတိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်များရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဖားကန့်တိုက်ပွဲပိုမိုပြင်းထန်နေပြီး ယနေ့(စက်တင်ဘာလ ၁၈ရက်)နံနက်ပိုင်းတွင် နေအိမ်အချို့မီးလောင်နေကာ ဒေသခံအများအပြားသည် စက်တင်ဘာလ ၁၇ရက်မှစ၍ ဖားကန့်မြို့မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံး

Facebook