close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးပွဲ ဘယ်သူ အခြေအနေ ကောင်းခဲ့သလဲ

အမေရိကန် ရွေးကောက်ပွဲကြို ကာလတွေနဲ့ ဆက်စပ်ပြီး လူတွေ စိတ်အဝင်စားဆုံး ခေါင်းစဉ် တစ်ခုကတော့ အဓိကပြိုင်ဘက် သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးမှု အစီအစဉ် ဖြစ်ပါတယ်။

ဓာတ်ပုံ - AP

သာမန်အားဖြင့် သမ္မတလောင်းတွေဟာ တစ်ကြိမ်ထက်မက စကားစစ်ထိုးပွဲတွေ ဆင်နွှဲကြပြီး ပြိုင်ဘက်ရဲ့ အမှားကို ထိုးနှက်တာ၊ ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိတင်တာ၊ နိုင်ငံရေး မူဝါဒတွေနဲ့ ပတ်သက်လို့ လူထုဆီ မိတ်ဆက်ပေးတာတွေ လုပ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၄ ရွေးကောက်ပွဲကြို ကာလမှာတော့ အခြေအနေတွေက အပြောင်းအလဲ ဖြစ်သွားပါတယ်။

အဓိက အကြောင်းရင်းကတော့ ဒီမိုကရက်တစ် ပါတီဟာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲ မဝင်စေတော့ဘဲ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ကို အစားထိုး ယှဉ်ပြိုင်စေဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့်ပါပဲ။ ဘိုင်ဒန်ဟာ ထရမ့်နဲ့ ပထမတစ်ကြိမ် စကားစစ်ထိုးမှုအပြီး အတော်ကြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တဲ့နောက် ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တွေက သူ့ကို ရွေးကောက်ပွဲ ဆက်မဝင်ဖို့ စည်းရုံး နားချခဲ့ပါတယ်။ ဒီလိုနဲ့ အမေရိကန် ရွေးကောက်ပွဲဟာ ထရမ့်-ဘိုင်ဒန် အားပြိုင်မှုအစား ထရမ့်-ဟားရစ် ပြိုင်ပွဲ ဖြစ်သွားသလို ထရမ့်ဟာ မတူညီတဲ့ ပြိုင်ဘက် တစ်ယောက်နဲ့ စကားစစ်ထိုးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ထရမ့်က သူဟာ ဟားရစ်နဲ့ နောက်တစ်ကြိမ် စကားစစ်ထိုးပွဲ ဆင်နွှဲတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က စကားစစ်ထိုးပွဲမှာ သူဟာ ဟားရစ်အပေါ် အပြတ်အသတ် အသာစီး ရခဲ့ပြီး ဖြစ်တာကြောင့် မကျေပွဲ နွှဲစရာ အကြောင်းမရှိဘူးလို့ ထရမ့်က ဆိုပါတယ်။ ဒီတော့ ထရမ့်နဲ့ ဟားရစ်ရဲ့ ရွေးကောက်ပွဲကြို စကားစစ်ထိုးမှုဟာ တစ်ကျော့တည်းနဲ့ ကိစ္စပြတ်မယ့် သဘောဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့ကျရင် ဒုတိယအချီ ထပ်ဆုံဖို့ နှစ်ဖက် ညှိနှိုင်းနေမှုလည်း အထမြောက်တော့မယ့်ပုံ မပေါ်ပါဘူး။

ဒီနေရာမှာ ရွေးကောက်ပွဲကြို စကားစစ်ထိုးပွဲတွေဟာ ဘာကြောင့် အရေးကြီးသလဲဆိုတဲ့ အချက်ကို နည်းနည်း ရှင်းပြဖို့ လိုပါတယ်။ အမေရိကန်မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီတွေကို အမာခံ ထောက်ခံတဲ့ ပြည်နယ်တွေအပြင် ပါတီစွဲ မရှိဘဲ သမ္မတကို ပုဂ္ဂိုလ်ရေး အမြင်နဲ့ မဲပေးကြတဲ့ ပြည်သူ အများစု နေထိုင်ရာ ပြည်နယ်တွေလည်း ရှိပြီး ကြားပြည်နယ်လို့ ခေါ်ဝေါ်ကြပါတယ်။ အမေရိကန် ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးဟာ ကြားပြည်နယ်တွေဆီက ဆန္ဒမဲတွေက ဘယ်သမ္မတလောင်းဖက် ယိမ်းသလဲ ဆိုတာအပေါ် အများကြီး မူတည်ပါတယ်။ စကားစစ်ထိုးပွဲတွေဟာ အဲဒီ ကြားပြည်နယ်တွေကို စည်းရုံး သိမ်းသွင်းရာမှာ အရမ်း အရေးပါတဲ့ အခင်းအကျင်း တစ်ခုလို့ ယေဘုယျ ယူဆနိုင်ပါတယ်။

ဟားရစ်နဲ့ စကားစစ်ထိုးရာမှာ သူအသာစီး ရခဲ့တယ်ဆိုပြီး ထရမ့်ကတော့ ခပ်တည်တည် ပြောပါတယ်။ ဒါပေမဲ့လည်း လူထုအမြင် စစ်တမ်းတွေနဲ့ နိုင်ငံရေး သုတေသီတွေရဲ့ မှတ်ချက်တွေကတော့ ထရမ့်ရဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါလိမ့်မယ်။ အမေရိကန် မီဒီယာ အများစုကလည်း ထရမ့်ဟာ ဘိုင်ဒန်နဲ့ အတွေ့မှာ အထက်စည်းနေရာ ရခဲ့ပေမယ့် ဟားရစ်နဲ့ စကားစစ်ထိုးချိန်မှာတော့ အတော်ကြီး ရုန်းကန်ခဲ့ရတယ်လို့ တညီတညွတ်တည်း သုံးသပ် ဖော်ပြခဲ့ပါတယ်။

ခြုံငုံကြည့်မယ်ဆိုရင် ဟားရစ်ဟာ မိနစ် ၉၀ ကြာမြင့်တဲ့ စကားစစ်ထိုးပွဲရဲ့ အချိန် အများစုမှာ ပြိုင်ဘက်အပေါ် တရစပ် ထိုးစစ်ဆင်ခဲ့ပါတယ်။ သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ ထရမ့်ဟာ စကားစစ်ထိုးပွဲမှာ အခြေအနေကို သူ့ဖက်က အသာစီး ရအောင် ကြိုတင် စဉ်းစား ပြင်ဆင်လာခဲ့ပေမယ့် ဟားရစ်ရဲ့ စကားတွေမှာ အာရုံစိုက်ပြီး ပြန်ဖြေရှင်းရင်း ဗျာများနေရတာ တော်တော်လေး သိသာသွားပါတယ်။ အစောပိုင်းမှာ ဟားရစ်က အမေရိကန် ပြည်သူတွေ အနေနဲ့ ဥပဒေ ဘက်တော်သား တစ်ယောက်ဖြစ်တဲ့ သူ့ကိုရွေးမလား၊ ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေကို ဖြေရှင်းနေရတဲ့သူ တစ်ယောက်ကို ရွေးချယ်မလားလို့ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ အခု စကားစစ်ထိုးမှုမှာလည်း ဟားရစ်ဟာ ထရမ့်ရဲ့ ဥပဒေရေးရာ အရှုပ်အထွေးတွေ၊ နောက်ကြောင်း ရာဇဝင်တွေကို အဓိက ပစ်မှတ်ထားပြီး ချက်ကျလက်ကျ ထိုးနှက်ခဲ့သလို အလုပ်လည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ထရမ့်ဟာ ဒီမိုကရက်တစ်တွေရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို မေးခွန်းတွေထုတ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်း စကားစနေတဲ့ အချိန်မှာတင် ဟားရစ်က ထရမ့်ရဲ့ လူထုထောက်ခံပွဲ မဲဆွယ်မှု အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လှောင်ပြောင်ခဲ့ပါတယ်။ အဲဒီ ထောက်ခံပွဲတွေဟာ ထရမ့် ကြွားနေသလောက် လူမများသလို ပျင်းပျင်းရိရိနဲ့ အစောကြီး ထပြန်သွားသူတွေ အများကြီး ရှိခဲ့တယ်လို့ ဟားရစ်က ပြောပါတယ်။ သူ့ရဲ့ ဆွပေးလိုက်တဲ့ ဗျူဟာက ထိရောက်ခဲ့ပြီး ထရမ့်ဟာ အဲဒီအချိန် ကတည်းက စတင် လမ်းကြောင်းလွဲသွားခဲ့တယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

နောက်ပိုင်းမှာတော့ ထရမ့်ဟာ ဟားရစ်ရဲ့ ထိုးနှက်ချက်တွေကို ချေပရင်းနဲ့ပဲ အချိန်အများစုကို ဖြတ်သန်းခဲ့ရပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူ တစ်ဦးနဲ့ စီးပွားရေးသမား တစ်ယောက်တို့ စကားနိုင် လုကြရမှာ အရေးကြီးတဲ့ ကဏ္ဍတိုင်းကို ဟားရစ်က ပါးပါးနပ်နပ် ကျော်လွှားပြခဲ့ပါတယ်။ ထိလွယ်ရှလွယ် သဘောထားရေးရာ ငြင်းခုံမှုတွေဖြစ်တဲ့ ကာယကံရှင် သဘောဆန္ဒနဲ့အညီ ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ရှိသင့် မရှိသင့် ဆိုတာမျိုးတွေ၊ စီးပွားရေး မူဝါဒတွေမှာ ဟားရစ်ဟာ ထရမ့်ရဲ့ အားနည်းချက်တွေကို ထင်သာမြင်သာဖြစ်အောင် ထောက်ပြသွားခဲ့ပါတယ်။ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုလို အဆိုပြုချက်တွေမှာ ဟာကွက်တွေ ရှိနေတာကိုလည်း ဟားရစ်က မေးခွန်းတွေ ထုတ်ခဲ့ပြီး ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်းအတွက် ခက်ခဲတဲ့ ကာလတွေ ကြုံတွေ့စေခဲ့ပါတယ်။

ဟားရစ်ဟာ ထရမ့်က သူ့အပေါ် အရင်က အချက်အလက်မှားတွေနဲ့ ဝေဖန် ထိုးနှက်ဖူးတာတွေကိုလည်း တိတိကျကျ ပြန်ထောက်ပြပြီး ထရမ့်ဘာတွေ လွဲနေသလဲ ဆိုတာကို ပညာသားပါပါ လှောင်ပြောင်သွားခဲ့ပါတယ်။ လက်ဝှေ့စကားနဲ့ ပြောရင်တော့ နောက်ဆုံးမှာ ထရမ့်ဟာ အလဲထိုး မခံရပေမယ့် အမှတ်နဲ့ ရှုံးခဲ့တာ အရမ်း သိသိသာသာပါပဲ။ သူကိုယ်တိုင်ကတော့ ဟားရစ်အပေါ် အသာစီး ယူနိုင်ခဲ့တယ်လို့ ကြွေးကြော်နေပေမယ့် ရီပတ်ဘလစ်ကန် ပါတီဝင်တွေက အစီအစဉ်မှူး ဒေးဗစ် မွိုင်ရာနဲ့ လင်းဆေး ဒေးဗီးစ်တို့ကို ဘက်လိုက်ကြောင်း စွပ်စွဲနေတာကို ကြည့်မယ်ဆိုရင် စကားစစ်ထိုးပွဲ အနေအထားကို မကျေနပ်ဘူး၊ အားမရဘူးဆိုတာ မြင်သာပါတယ်။

ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ် ခံခဲ့ရပြီးတဲ့နောက် ဟားရစ်ဟာ သတင်းဌာနတွေနဲ့ အင်တာဗျူးတွေကို အတော်လေး သတိကြီးကြီး ရှောင်ရှားနေခဲ့ဖူးပါတယ်။ ဒါကြောင့် ထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေက ဟားရစ်ဟာ သူ့ရဲ့ နိုင်ငံရေး အမြင်တွေကို ထုတ်ပြောဖို့ သတ္တိကြောင်လွန်းတယ် ဆိုတာမျိုး လှောင်ပြောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဟားရစ်ဟာ အချိန်ကောင်းစောင့်ပြီး စကားစစ်ထိုးပွဲကျမှ သူပြောသင့်တာတွေကို ပိုင်ပိုင်နိုင်နိုင် ထုတ်ပြောသွားမှန်း အခုတော့ ပေါ်လွင်လာပါပြီ။

သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ ဆိုတာဟာ တရားဝင် ပြိုင်ပွဲမဟုတ်သလို ဒိုင်လူကြီးလည်း မရှိတာကြောင့် အနိုင်အရှုံးကို ရလဒ် တိတိကျကျ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သမ္မတလောင်း တစ်ယောက်အပေါ် လူထုက ဘယ်လောက် အထင်ကြီးသွားမလဲ၊ အာရုံကျသွားမလဲ ဆိုတာကတော့ အရေးကြီးပါတယ်။ နောက်ပြီး စကားစစ်ထိုးပွဲမှာ အသာစီး ရရုံနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာပဲဆိုတဲ့ အာမခံချက်လည်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အနေအထားလိုမျိုး ထရမ့်နဲ့ ဟားရစ်တို့ကြား လူထုထောက်ခံမှုက အတော်လေး ဟန်ချက်ညီနေပြီး ရွေးကောက်ပွဲ ရလဒ်က ကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ အဖြေပေါ်လာမယ်လို့ ထင်ကြေးပေး ခံနေရတဲ့ အနေအထားမှာတော့ စကားစစ်ထိုးပွဲမှာ အစွမ်းပြနိုင်ခြင်းဟာ အပေါင်းလက္ခဏာဆန်တဲ့ အားတစ်ရပ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူရှိနေရာ ဂေါက်ကွင်းနားမှာ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသူ တစ်ဦး ပုန်းခိုနေတဲ့ ဖြစ်ရပ်ကြောင့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲဝင် အမေရိကန် ဒုတိယ သမ္မတလောင်း ဂျိမ်းစ် ဒေးဗစ် ဗန့်စ် စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ပျံသန်းနေရင်း ချွတ်ယွင်းမှု တစ်ခုနဲ့ ကြုံလို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

နိုင်ငံတကာ

ကာမာလာ ဟားရစ်ဟာ အမေရိကန်အတွက် အရမ်းမိုက်တဲ့ သမ္မတမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ရီပတ်ဘလစ်ကန်ပါတီ ပြည်လုံးကျွတ် ညီလာခံ (RNC)ရဲ့ အခမ်းအနား အပိတ် မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူကြုံတွေ့ခဲ့တဲ့ လုပ်ကြံမှုအကြောင်း အကျယ်တဝင့် ပြောကြားသွားခဲ့ပါတယ်။

Facebook