close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းမှထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက်စောတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

နောင်ချိုမြို့အား စစ်ကောင်စီ ယနေ့နံနက်စောလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ကိုပုဂံ/People’s Spring

ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက်စောတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ယနေ့နံနက် ၇နာရီခွဲအချိန်တွင် နောင်ချိုမြို့မဈေးနှင့် ဈေးအနီးနေရာနှင့် ရပ်ကွက်အတွင်း ဗုံးငါးလုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု နောင်ချိုဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စျေးနောက်ပေါက်က ဆိုင်ခန်းပေါ် တစ်လုံးကျတယ်။ နောက်တစ်လုံးက ညစျေးတန်းနားက ညောင်ပင်ပေါ်ကျတာ။ နောက်တလုံးက လှသစ္စာထမင်းဆိုင်နားကိုကျတယ်”ဟု နောင်ချိုဒေသခံက ပြောသည်။

ထို့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့မဈေးသည် လက်တလောကာလတွင် ပိတ်ထားဆဲဖြစ်ပြီး ဈေးသည်များမှာ မိုဘိုင်းပုံစံဖဖြင့် ဈေးရောင်းချလျှက်ရှိသည်ဟု နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက်တွင် နောင်ချိုမြို့ အေရှားဝေါတိုးဂိတ်အနီး ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။

နောက်ထပ် နှစ်လုံးမှာ သပြေရေရပ်ကွက်အနီးကျရောက်ပြီး တစ်လုံးမှာမူ ပေါက်ကွဲခြင်းမရှိဟု ကြားသိရကြောင်း ဒေသခံက ဆိုသည်။

နောင်ချိုမြို့ကို စက်တင်ဘာ ၁၉ရက်ကလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်ကို ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ လူနေအိမ်များ ပျက်စီးမှုရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၃ရက်ကလည်း နောင်ချိုမြို့ကို လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းနေ့ နေ့လည်ပိုင်းတွင် နောင်ချိုမြို့ရှိ အရပ်သား ပြည်သူလူထုအား ဦးတည်ကာ လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည် ၁၂နာရီခွဲမှစ၍ ၁နာရီကြာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထားသည်။

စက်တင်ဘာ ၁၃ရက်တွင် တောင်းခမ်းတိုက်ပွဲမှ ရဲဘော်များ ရှေ့တန်းမှပြန်လာရာ ဒေသခံပြည်သူအချို့က ကြိုဆိုကြသည် ဆို​သောရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီးနောက် စစ်ကောင်စီလော်ဘီများက ဗုံးကြဲတိုက်ခိုက်ရန် စတင်လှုံ့ဆော်ပြီး မကြာမီ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်း စစ်ကောင်စီက နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အညိုးဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်ကလည်း စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌ လည်းကောင်း၊ တောင်းခမ်းကျေးရွာအနီးတဝိုက် လည်းကောင်း၊ မကျီးရေကျေးရွာအနီးတဝိုက်လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာလည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးသွားပြီး အမျိုးသားအားသတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်အုပ်စုနှင့် RCSS/SSAပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ခြင်းဖြစ်

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက ယမန်နေ့ ညတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

Facebook