အင်ကြင်း/People’s Spring
မန္တလေးမြို့ရှိ ချစ်တီးဘုရားကျောင်းဟောင်း အဆောက်အဦးပြိုကျမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေး နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။
ယနေ့(စက်တင်ဘာ၂၄ရက်) နံနက်၂နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ချစ်တီးဘုရားကျောင်းဟောင်း အဆောက်အဦး ပြိုကျခဲ့ရာ ပိတ်မိသူများအား ၁နာရီနီးပါး ကယ်ထုတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။
ပြိုကျမှုကြောင့် အသက်(၅၀)အရွယ်ခန့်ရှိ ဒေါ်စန်းကြင်ဆိုသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေး နှစ်ဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောသည်။
ထို့အပြင် ဒဏ်ရာရသူများအနက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
“လက်ရှိ လူနေအဆောက်ဦးအဟောင်းပြိုတာ။ အပေါ်ထပ်က ပြိုကျတာ။အဲဒီချစ်တီးတိုက်က နှစ်ပေါင်းများစွာကြာပြီ။အဲထဲနေထိုင်တဲ့ အိမ်ထောင်စုတွေက အများကြီး။”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြိုကျခဲ့သည့်အဆောက်အဦးမှာ ယခင်က ချစ်တီးဘုရားကျောင်းဖြစ်ပြီး အဆိုပါဘုရားကျောင်းအဟောင်းအတွင် လက်ရှိ အိမ်ထောင်စုအချို့ စုပေါင်းနေထိုင်နေကြခြင်းဖြစ်ကြောင်း၊ စုစုပေါင်း လူလူဦးရေ ၅၀ခန့် နေထိုင်နေကြကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင်မူ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စည်ပင်ဝန်ထမ်းများ ရောက်ရှိလာပြီး အဆောက်အဦးတစ်ခုလုံးအားဖြိုချရန်စီစဥ်နေကြောင်း သတင်းရရှိသည်။