ရဲခေါင်/People’s Spring
ရန်ကုန်တိုင်းရှိ မြို့နယ်များကို ၄နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးတော့မည်ဟု အဆိုပါမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက ကြေညာသည်။
ယနေ့(စက်တင်ဘာ ၂၈ ရက်)ကစ၍ လျှပ်စစ်ဓာတ်အားခွဲဝေမှုကို ရန်ကုန်တိုင်းရှိ အရှေ့ပိုင်း၊အနောက်ပိုင်း၊ မြောက်ပိုင်းနှင့်တောင်ပိုင်း ခရိုင်အလိုက် သတ်မှတ်ချိန်အလိုက် မီးပေးတော့မည်ဟု ဆိုသည်။
“မနက် ၅ နာရီကနေ ၉ နာရီ ၊၉ နာရီကနေ တစ်နာရီ၊ တစ်နာရီကနေ ညနေ ၅ နာရီ နဲ့ ညနေ ၅ နာရီကနေ ၉ နာရီအထိ မီးဖြတ်မယ်ဆိုပြီး ပြောတယ်။သူ့ကြေညာချက်အတိုင်းဆို ခရိုင်တစ်ခုချင်းစီက တစ်ရက်ကို လေးနာရီစီ နှစ်ခါမီးဖြတ်ခံရမှာ”ဟု လျှပ်စစ်ဝန်ထမ်းဟောင်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ထို့အတူ စက်မှုဇုန်များကိုလည်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးဖြန့်ဖြူးပေးတော့မည်ဟု ကြေညာချက်၌ ပါရှိသည်။
“မီတာခတိုးကောက်တယ်။မီတာစာရွက် ရောက် လာပြီးကတည်းက ပျက်လိုက်တဲ့မီး မိုးတွင်းတောင် မပေးနိုင်တာ။ နွေရာသီ ဆိုရင်တော့ သူတို့(စစ်ကောင်စီ)နေရာပဲ ကွက်လင်းတော့မယ်ထင်တယ်”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။
ယခုလမှစ၍ အိမ်သုံး၊စက်မှုသုံးလျှပ်စစ်ဓာတ်အားခကို နှစ်ဆကျော်တိုးမြှင့်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင် သတ်မှတ်ရန်အတွက် ၂၀၂၄ ဇူလိုင် ၅ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးသဘောတူညီ ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။
ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တော့သည်။
အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန် နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံ ကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။
သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ် လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။
နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။