ဒီးဒီ
ထိုင်းနိုင်ငံမှာ ဒီလပိုင်းအတွင်းထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့နဲ့ ထိုင်း နိုင်ငံသားအချို့ကြားမှာ မြန်မာ မုန်တီးရေး ပြောဆိုမှုတွေ ၊လှုံ့ဆော်မှုတွေ ပိုများလာတာနဲ့ ပတ်သက်ပြီး ဒီတစ်ပါတ်မှာ ပြောပြချင်ပါတယ်။
စက်တင်ဘာ လဆန်းပိုင်းမှာထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ ကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားနေတဲ့ ကျောင်းမှာ မြန်မာ ကျောင်းသားငယ်တွေက မြန်မာနိုင်ငံတော်သီချင်းဆိုတဲ့ရုပ်သံ အတိုလေးလူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။ ဒီရုပ်သံအတိုလေးကနေ အမုန်းစကားပြောဆိုမှုတွေဟာ တစ်တော့နဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ အရမ်းများလာတာကြောင့် ထိုင်းအာဏာပိုင်တွေဟာကျောင်းကိုစစ်ဆေးခဲ့ပါတယ် ။ ကျောင်းဟာ ထိုင်းအစိုးရကထုတ်ပေးတဲ့အထောက်အထားတွေမပြည့်စုံဘူးမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပိတ်လိုက်ရပါတယ် ။
ပြသာနာက ဒီတင်ပြီးမသွားသေးပဲ မြန်မာရွေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေ တက်ရောက်နေတဲ့ ကျောင်းအချို့ပါ ဂယက်ရိုက်ပြီးပိတ်လိုက်ရပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ရွေ့ပြောင်းရောက်ရှိလာတဲ့ မြန်မာတွေ အများအပြားရှိလာတာ ၊စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်တွေအများအပြားထိုင်းကိုခေတ္တတိမ်းရှောင်ရတာစတာတွေကြောင့် ထိုင်းနိုင်ငံမှာမြန်မာတွေဟာ ဘယ်ခေတ်ကနဲ့မှ မတူအောင် အများအပြားလာရောက်မှီတင်းနေထိုင်ကြရပါတယ်။ ဒီထဲက မြန်မာအချို့ဟာ ထိုင်းအစိုးရကခွင့်မပြုတဲ့အလုပ်တွေကို ဝင်လုပ်နေတယ်၊ ထိုင်းနိုင်ငံရဲ့ ကွန်ဒိုနဲ့ အိမ်ရာရောင်းချရမှုမှာ မြန်မာတွေက ကာလတိုအတွင်းထိပ်ဆုံး စာရင်းဝင်လာတာ ၊ ထိုင်းနိုင်ငံသားအချို့တောင် ကိုဗစ်အလွန်မှာ အကြွေးပိနေချိန်မှာ မြန်မာတွေကအွန်လိုင်းကနေ ဈေးရောင်းဝယ်ပြီးအလုပ်ဖြစ်နေတာ ၊ မြန်မာတွေက ထိုင်းတွေရဲ့ အလုပ်တွေကို လုလုပ်နေကြပြီ စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ မြန်မာတွေအပေါ်အမုန်းစကားပြောဆိုမှုတွေက လူမှုကွန်ယက်စာမျက်နှာတွေမှာပိုများလာပါတယ် ။
အဲဒီအချိန်မှာ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာ ထိုင်းအစိုးရ ခွင့်မပြုတဲ့လုပ်ငန်းတွေ လုပ်နေတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ် ကနေ ခြေရာခံပြီး စုစည်းဖော်ပြပေးတဲ့Look Myanmar ဆိုတဲ့ ဖေစ်ဘွခ်စာမျက်နှာကလည်း မြန်မာတွေအပေါ် အမုန်းစကားပြောဖို့ လှုံ့ဆော်ပေးလာတာတွေ့ရပါတယ် ။ Look Myanmar ဖေစ်ဘွခ်ပေချ်ရဲ့ Admin တစ်ဦးထဲမှာ မြန်မာ တစ်ဦးပါဝင်သလို ၊ ပေချ် Admin တစ်ဦးဟာ မြန်မာနိုင်ငံကိုသွားရောက်လည်ပတ် ဖူးတဲ့ Digital Foot Print တွေ့ရတာကြောင့် မြန်မာမုန်းတီးရေးလုပ်နေသူတွေထဲမှာ မြန်မာတွေကိုယ်တိုင်ပါနေသလားဆိုတဲ့ မေးခွန်းတွေကျယ်ပြန့်လာပါတယ် ။
ဒါအပြင် ထိုင်းအစိုးရဟာ နိုင်ငံတွင်း တရားမဝင်နိုင်ငံခြားသားလုပ်သားတွေကို တားဆီးအရေးယူဖို့အတွက် ရက်ပေါင်း ၁၀၆ ရက်စီမံချက်အရ မြန်မာတွေအပါအဝင်နိုင်ငံခြားသားလုပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ခဲ့ပါတယ် ။ အဲဒီစီမံချက်နဲ့ ဖမ်းဆီးအရေးယူခံရတဲ့ မြန်မာ တစ်သိန်းကျော်အထိရှိခဲ့ပါတယ် ။
ထိုင်းအမျိုးသားရေးအဖွဲ့ တွေဟာ ရွှေ့ပြောင်းအလုပ်သမားများအပေါ် တင်းကြပ်တဲ့ကန့်သတ်မှုတွေလုပ်ပေးဖို့ အချက်(၈)ချက်ပါတဲ့ တောင်းဆိုချင်ကို စက်တင်ဘာလလယ်ပိုင်းမှာ ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြပါသေးတယ်။
ဒီအခြေအနေမှာ စက်တင်ဘာ ၂၃ ရက်မှာ ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က မြန်မာတွေရွှေ့ပြောင်းအခြေချမှု များပြားလာတဲ့အပေါ် ပထမဆုံးအကြိမ်ကန့်ကွက်ဆန္ဒပြပြီးအိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ထိုင်းအမျိုးသားရေးလှုပ်ရှားသူသူတွေဖြစ်တဲ့ Amazing World Culture Clubအဖွဲ့ အပါအဝင် ထိုင်းအမျိုးသားရေးအဖွဲ့အစည်း လေးဖွဲ့က ထိုင်းနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြတာပါ။
ဒါကြောင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေ အထူးသဖြင့် အထောက်အထားမရှိတဲ့ မြန်မာတွေဟာ ဘယ်တုန်းကနဲ့မှ မတူတဲ့ ဖိအားတွေရင်ဆိုင်ခဲ့ကြရပါတယ် ။ထိုင်းရောက် မြန်မာတွေရဲ့ စိုးရိမ်ပူပန်မှုကို တစ်တော့နဲ့ လူမှုကွန်ယက်က သတင်းအမှားတွေ ၊မြန်မာမုန််းတီးရေးလှုံ့ဆော်မှုတွေက အရှိန်တက်စေခဲ့ပါတယ် ။
ဒါကြောင့် ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားအချို့ကြားနဲ့ လူမှုကွန်ယက်ပေါ်က မြန်မာမုန်တီးမှု လှုံ့ဆော်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (Labour Protection Network Foundation -LPN)တည်ထောင်သူ မစ္စတာ ဆွန်ပေါင်ဆကဲယောက် ကို People’s Spring က ဆက်သွယ်မေးမြန်းခဲ့ပါတယ်
ထိုင်းရောက်မြန်မာတွေအနေနဲ့ ထိုင်းလူမျိုးအချို့ရဲ့ အမုန်းစကားဖြန့်ဝေပြောဆိုနေတဲ့ပေါ်မှာ အစိုးရိမ်လွန်ပြီးတုန့်တာမျိုး မလုပ်ဘဲ ငြိမ်ငြိမ်လေးနေထိုင်ကြဖို့ ဆွန်ပေါင်ဆကဲယောက်က အကြံပြုပါတယ် ။ ဒီဝါဒဖြန့်မှုတွေကို လိုက်မခံစားကြဖို့နဲ့ တုန့်ပြန်မှုတွေလည်း မလုပ်ကြဖို့သူက ပြောပါတယ်။
ဆွန်ပေါင်ဆကဲယောက် ဟာ အလုပ်သမားကာကွယ်ပေးရေးကွန်ရက် -LPN ကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအရေး ကာလရှည်ကူညီဖြေရှင်းပေးခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ နာမည်ရတဲ့ လူ့အခွင့်အရေးသမားတစ်ဦးဖြစ်ပါတယ် ။
“ငြိမ်ငြိမ်လေးပဲနေလိုက်ကြပါ။ ဘာပြဿနာမှ ဆက်မဖြစ်အောင် နေလိုက်ကြပါ။ မကြောက်ရွံ့ကြနဲ့။ ဒီဝါဒဖြန့်တဲ့သတင်းတွေဟာဒီလူတစ်စုကပဲ ကြံဖန်ပြီးလုပ်ကြတာ။ အစိုးရနဲ့ မဆိုင်ဘူး။ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ပတ်သက်လာရင် အဓိက တာဝန်ရှိတာ အစိုးရပါ။ အစိုးရကလည်း ဥပဒေဘောင်ပြင်ပက လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်မှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်”လို့ ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းမြန်မာ လုပ်သားတွေအရေးကူညီပေးနေသလို ရွှေ့ပြောင်းကလေးငယ်တွေအတွက် ပညာရေးစင်တာ ၄၀ကျော်တည်ထောင်ထားတဲ့သူကအကြံပြုပါတယ်။
ထိုင်းရောက်မြန်မာများတွေအပေါ် အမုန်းစကားပြောဆိုနေတာဟာ ထိုင်းလူမျိုးတစ်စု၊ မျိုးချစ်လူတစ်စုသာဖြစ်ပြီး သူတို့တွေဟာ ရွှေ့ပြောင်းအလုပ်သမား သမိုင်းဖြစ်စဉ်ကို မသိတဲ့လူတစ်စုသာဖြစ်တယ်လို့ ဆွန်ပေါင်ဆကဲယောက်က ဆိုပါတယ်။
“ထိုင်းစီးပွားရေးအလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ရေလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေနှင့် အခြားလုပ်ငန်းခွင်တွေမှာရော များစွာကျိုးပြုတယ်ဆိုတာ၊ ထိုင်းအလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားမရှိရင်မဖြစ်သလို၊ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ထိုင်းတွေ မရှိရင်မဖြစ်ဘူး ။အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနဲ့ပတ်သက်တဲ့ ပဋိညာဉ်တွေလက်မှတ်ထိုးပြီးသား ဆိုတာတွေလည်း ဒီလူတစ်စုနားမလည်ကြဘူး။ ဒီလူတစ်စုဟာ အတွင်းလူတွေ မဟုတ်ဘူး၊ အပြင်လူပါ။ ကျွန်တော်တို့သာ အတွင်းလူဖြစ်တယ်”လို့ သူကရှင်းပြပါတယ်။
ဒါ့ပေမယ့် ထိုင်းအစိုးရက စီမံချက်နဲ့ မြန်မာ အပါအဝင် တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသားတွေ၊ အထောက်အထားမရှိတဲ့ နိုင်ငံခြားသားလုပ်သားတွေကို စစ်ဆေး ဖမ်းဆီးတာတွေကတော့ ထိုင်း အစိုးရမှာ လုပ်ပိုင်ခွင့်ရှိတယ် လို့ဆိုပါတယ်။
“တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေတွေ့ရှိရင်လည်း အလုပ်သမားဥပဒေအရ အရေးယူဆောင်ရွက်ပြီး မိခင်နိုင်ငံကိုပြန်ပို့တယ်။ ဒါဟာရာဇဝတ်မှုမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့် သဘောထားကတော့ အခုချိန်မှာ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြန်ပို့တာရေးကို မလုပ် သင့်ဘူး။ သူတို့အတွက် အသက်အန္တရာယ်ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြီး အလုပ်ရှင်မရှိရင် အလုပ်ရှင်ရှိအောင်လုပ်၊ အလုပ်ပါမစ်မရှိရင် အလုပ်ပါမစ်ရှိအောင်လုပ်ပေးတာပဲ ဖြစ်သင့်တယ်”လို့ သူက ဆက်ပြောပါတယ်။
အထူးသဖြင့် ထိုင်းအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်လို့ ဆိုပါတယ်။
“(မြန်မာက) ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်”လို့ သူကပြောပါတယ် ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့အရွယ် လူတွေလျော့လာတယ်။ သက်ကြီးရွယ်အိုတွေများ လာတယ်၊ ကလေးမွေးနှုန်းနည်းလာတယ်။ ဒါကြောင့် ထိုင်းအလုပ်သမားဦးရေလည်းလျော့နည်းလာတာကြောင့် ကုန်ထုတ်စွမ်းအားစုနဲ့ ထိုင်းစီးပွားရေး တိုးတက်အောင် ရွှေ့ပြောင်းအလုပ်သမားတွေက အဓိက အခန်းကဏ္ဍကပါဝင်နေပါတယ်။
“ရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်မရွေး ကြဘူး။ ခက်ခဲကြမ်းတမ်း၊ ညစ်ပတ်နုံချာ အန္တရာယ်များတဲ့အလုပ်ဟူသမျှ လုပ်ကြတယ်။ ဒီအလုပ်တွေကို ထိုင်းလူမျိုးတွေမလုပ်ကြဘူး။ တချို့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံကိုဝင်လာပြီး မသင့်လျော် တဲ့အပြုအမူတွေလုပ်၊ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ကြ စတဲ့သူတွေက တစ်ကဏ္ဍပါ။ ဥပဒေနဲ့ မညီပြုမူသူတွေကိုတော့ ဥပဒေအရ ဆောင်ရွက်သင့်တာပေါ့။ ဒီကနေ့ ထိုင်းနိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတာက ရွှေ့ပြောင်းအလုပ်သမားဖြစ်ပါတယ်” လို့ သူက ရွေ့ပြောင်းလုပ်သားတွေရဲ့အခန်းကဏ္ဍကို ပြောပါတယ် ။
ဒီရက်ပိုင်းမှာတော့ ထိုင်းရောက်မြန်မာတွေအပေါ်အမုန်းစကားပြောဆိုမှုတွေက အရှိန်ကျစပြုလာပါတယ် ။ဒါပေမယ့် Look Myanmar လို့ပဲ မြန်မာတွေအပေါ် အမုန်းစကားပြော လှုံ့ဆော်နေတဲ့ ဖေစ်ဘွခ်စာမျက်နှာက ၅ ခုလောက်ရှိလာပါတယ် ။ဒါကြောင့် ဒါဟာ ထိုင်းအမျိုးသားအစွန်းရောက်အချို့က ဖန်တီးနေတာဟုတ်ရဲ့လား ၊ဒီလှုံ့ဆော်မှုနွေရဲ့ နောက်ကွယ်မှာ စစ်ကောင်စီ နဲ့ ထိုင်းကအင်အားကြီး အဖွဲ့အစည်းအချို့ နောက်ကွယ်ကနေ ရှိနေသလားဆိုတဲ့ မေးခွန်းတွေကတော့ပိုကျယ်လောင်လာပါတယ် ။ ဒီအခြေအနေမှာ ထိုင်းရောက်မြန်မာတွေဟာ ကိုယ့်နေထိုင်တဲ့ နိုင်ငံရဲ့ ဥပဒေ ၊ယဥ်ကျေးမှု ၊စည်းကမ်းတွေပိုလိုက်နာကြပြီးတော့ မြန်မာတွေမှာဘယ်လိုကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေရှိတယ် ဆိုတာကို ထိုင်းအပါအဝင် နိုင်ငံတကာသိအောင် ပြုမူနေထိုင်သင့်တယ်လို့ မြန်မာတွေအချင်းချင်းသတိပေးလာကြပါတယ်။
ဒါပေမယ့် အလုပ်သမားကာကွယ်ပေးရေးကွန်ရက်ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ ဆွန်ပေါင်ဆကဲယောက်ကတော့ ထိုင်းမှာ ဆိုရှယ်မီဒီယာတွေကနေ မြန်မာမုန်းတီးရေးလှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ် ။
“ကျွန်တော်တို့နေ့စဉ်စားသုံး နေတဲ့ထုတ်ကုန်များဟာ ရွှေ့ပြောင်းအလုပ်သမားတွေနှင့်ဆက်စပ်နေတယ်။ အကောင်းမမြင်တဲ့လူတစ်စုရဲ့ ဆိုရှယ်မီဒီယာမှာ လွှင့်တဲ့သတင်းဟာ သူတို့အမြင်ကျဉ်းလို့၊ ကျင့်ဝတ်ကင်းမဲ့လို့ ဖြစ်ပေါ်လာတာပါ။ ဘယ်သတင်းဌာနကြီးတွေကမှ လိုက်ပြီး ဒီလိုမျိုးသတင်းတွေကို ထုတ်လွှင့်ဝါဒဖြန့်တာမလုပ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွက် ဘာမှအကျိုးမရှိဘူး”။ ။