လူအေး/People’s Spring
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် လူမျိုးရေးနှင့်ဘာသာရေးလှုံ့ဆော်သည့် မေးခွန်းအချို့ ဖိအားပေးမေးမြန်း ပြောဆိုမှုများ ပြုလုပ်နေကြောင်း သန်းခေါင်စာရင်းကောက်ခံရသည့် ပြည်သူအချို့ကပြောသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုကို စစ်ကောင်စီက ယမန်နေ့(အောက်တိုလာလ ၁ရက်)မှ စတင်ခဲ့ခြင်းဖြစ်သည်။
“အိမ်မှာ ဘာ ဘာသာစကားပြောလဲ မေးတယ်။ ဗမာလိုပဲပြောတယ်ဆိုတာကို အပြင်ရောက်ရင်ရော ဘယ်လိုပြောလဲ မေးပြန်တယ်။ တရုတ်လို ပြောလား၊ ကုလားလိုရော ပြောလားလို့ မေးပြန်တယ်။ နောက်ပြီး တရုတ်လိုတွေ ကုလားလိုတွေမပြောဖို့ အမိန့်ပေးသလိုလုပ်သွားတယ်”ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတဦးကပြောသည်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း၎င်းတို့အိမ်အားအောက်တိုဘာလ၂ရက်နံနက်ပိုင်း၌ စစ်ကောင်စီဝန်ထမ်းများက သန်းခေါင်စာရင်းလာကောက်စဉ် လူမျိုးခြားဘာသာစကားများ မပြောရန် သေနတ်ကိုင်ထားသည့်ရဲတပ်ဖွဲ့ဝင်တဦးက ခြိမ်းခြောက်ပြောသွားကြောင်း ပြောသည်။
“တရုတ်ရော၊ ကုလားရော အမေရိကန်ရော ကောင်းတာမဟုတ်ဘူး။ အဖျက်သမားတွေလို့ ပြောသွားတာ။ သန်းခေါင်စာရင်းကောက်တာနဲ့ ဘာမှမဆိုင်တာတွေပြောသွားတာ” ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရာတွင် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်အချို့ ၊စစ်သားနှင့် ပြည်သူ့စစ်များ၊ပျူစောထီးများပါ လိုက်လာ၍ ပြည်သူများကိုဖိအားပေးကြောင်း ပြည်သူများကပြောသည်။ စစ်ရေးတင်းမာနေသည်မြို့နယ်များတွင် စစ်သားများ၊ရဲများ ၊ပြည်သူ့စစ်နှင့် ပျူစောထီးများက စစ်ကားဖြင့်လိုက်၍ လုံခြုံရေးယူပေးနေကြောင်းသတင်းရရှိသည်။သို့သော် တော်လှန်ရေးတပ်များထိန်းချုပ်ထားသောဒေသများ ၊တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသောဒေသများတွင် မူသန်းခေါင်စာရင်းကောက်ယူမရပေ။
စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ် သန်းခေါင်းစာရင်းကောက်ယူမှုတွင် မေးခွန်း ၄၁ ခုသာ မေးမြန်းခဲ့ပြီး ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုတွင် မေးခွန်း ၆၈ ခု မေးမြန်းထားသည်။မေးခွန်းများသည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူသည့် ပုံစံဖြစ်နေပြီး လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ပြည်သူအချို့ကပြောသည်။
“သန်းခေါင်စာရင်းက အတုအယောင်ပါ။ လူထုလုံခြုံရေးကို ထိပါးတာ။ နိုင်ငံရေးထွက်ပေါက်ရှာတာ။ လူထုက သတိနဲ့သာနေဗျာ” ဟု စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီ သန်းခေါင်းစာရင်းတွင် လွန်ခဲ့သော ၇ ရက်အတွင်းအလုပ်ချိန်အများဆုံးအလုပ် ၊ယာယီပျက်ကွက်ခဲ့သည့်လုပ်ငန်းအမျိုးအစား ၊အဆိုပါအလုပ်အမည်သည် ….. ဖြစ်ပါသလား ၊ လက်ရှိတက်ရောက်နေသောအတန်းအမည်၊ ကျောင်းဆက်မတက်တော့သည့်အကြောင်းအရင်း ၊ သင့်အိမ်ထောင်စုတွင် …..ရှိပါသလား ၊လက်ရှိ နိုင်ငံခြားရောက်ရှိနေသူ ရှိ ၊မရှိ ၊နိုင်ငံခြားရောက်နေသူ၏ အချက်အလက်အသေးစိပ်မေးသောမေးခွန်းများစသည်တို့ကို ပြည်သူများ လုံခြုံရေးအတွက် ဂရုတစိုက်ဖြေဆိုရန်လိုပြီး ၊အဆင်ပြေပါက အချက်အလက်မှားများဖြေပေးရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် စောင့်ကြည့်နေသူများကအကြံပြုသည်။
စစ်ကောင်စီ ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲဆန့်ကျင်တိုက်ဖျက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီကအောက်တိုဘာ ၁ ရက်တွင်ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်စစ်တပ်သည် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာသိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြုကြရန် လိုကြောင်း ကြေညာထားသည်။
“လက်ရှိမြေပြင်အခြေအနေကို ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာ ထင်ရှားတယ်။ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကလည်း။ အတိုင်းအတာတစ်ခုအထိ ရှိနေတာကြောင့် ဒီလိုနေရာမျိုးတွေမှာဆိုရင် သန်းခေါင်စာရင်းကောက်ယူမှုကို လုံးဝဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေး ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ ကလည်း စက်တင်ဘာ ၂၆ ရက်တွင်တိုက်တွန်းထားသည်။
ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ယင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း ၊ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကိုလိုအပ်သလိုအကာအကွယ်ပေးခြင်းစသည်တို့ ကို လုပ်ဆောင်နိုင်ကြောင်း တိုက်တွန်းထားသည်။
နိုင်ငံတစ်နိုင်ငံ၏ နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စသည့် လူမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာသုံးသပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှုသည် ပုံမှန် လုပ်ရိုးလုပ်စဥ်ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံ၏ လူမှုစီးပွားထောက်တိုင်များကို ကိုယ်တိုင် ဖျက်စီးနေသူ ဖြစ်ပြီး သန်းခေါင်စာရင်းမှ ရရှိနိုင်သော ပြည်သူလူထု၏ ကိုယ်ရေး အချက်အလက်များကိုလည်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုထက် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များက ထုတ်ပြန်ထားသည်။
ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းသည် ၎င်းတို့ကျင်းပမည့် ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်များ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်ကြသည့်ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များကအသိပေးထားသည်။