ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်အတွင်း အရပ်သားအသွင်းယူထားသည့် စစ်ကောင်စီတပ်သားများနှင့် သတင်းပေး(ဒလန်)များ စိမ့်ဝင်နေပြီး လေကြောင်းပစ်မှတ် အတည်ပြုပေးခြင်းနှင့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုများပါ လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက ထိုးစစ်ဆင်ဝင်ရောက်နေသည့် ကာလနှင့်တိုက်ဆိုင်နေပြီး စစ်ကောင်စီက မြေပြင်သတင်းအချက်အလက် အသာစီးရယူရန် ကြိုးပမ်းနေခြင်းဟု ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
“ဒီနေ့ ဖယ်ခုံမြို့ရဲ့ အနောက်ဘက်က လအိကျေးရွာ တောင်ထိပ်ဘုရား တည်ထားကိုးကွယ်တဲ့ တောင်ပေါ်က ဘုရားအဆူတိုင်း ဦးခေါင်းတော် ဖြတ်ခံရတာတွေ့ရတယ်။ ဘာသာရေးသွေးခွဲမှုနဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုဖြစ်ဖို့ များတယ်။ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့လ စက်တင်ဘာ ၅ ရက်နေ့က လအိကျေးရွာက စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတာရှိခဲ့တယ်။အဲဒါပြီးကတည်းက ရွာခံတွေအကုန်လုံးက စစ်ရှောင်နေကြရတာ။အရင်ကတစ်ခါမှ မဖြစ်ခဲ့ဘူး”ဟု ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
လက်ရှိတွင် ဖယ်ခုံမြို့နယ်သို့ ပအိုဝ်းပြည်သူ့စစ်(PNO)နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးနေပြီး ပအိုဝ်းလူမျိုးများအား အထက်ပါဖြစ်စဥ်အကြောင်းပြ၍ စစ်ရှိန်မြှင့်ရန် စစ်ကောင်စီက ကြံရွယ်နေခြင်းဟုလည်း ၎င်းက သုံးသပ်သည်။
ထို့အပြင် စက်တင်ဘာ ၅ရက်က နန်းမယ်ခုံမြို့ကို လေကြောင်းမှဗုံးကြဲမှုနှင့် အောက်တိုဘာ ၁ ရက်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ၊နောင်ပုလဲကျေးရွာသို့ လက်နက်ကြီးပစ်ခက်မှုတွင် အရပ်သားအယောင်ဆောင် စစ်ကောင်စီတပ်သားများနှင့် သတင်းပေးများက သတင်းပေးခဲ့သည်ဟု သိရသည်။
“ကရင်နီပြည်နယ်မှာ လက်နက်ကြီးကျတာ မထူးဆန်းပေမယ့် လက်နက်ကြီးမကျခင် မိနစ်ပိုင်းအလိုမှာ ဆိုင်ကယ်စီးလာတဲ့ ယောကျာ်းလေး နှစ်ယောက် အဲရွာကိုရောက်လာပြီး လက်နက်ကြီးကျမယ့် အဆောက်အဦး နေရာကို အရင်လာမေးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ သူတို့ အဲနေရာကို လာမေးပြီး ပြန်ထွက်သွားတာ ဆိုင်ကယ်နဲ့သိပ်မကြာဘူး အဲနေရာတည့်တည့်ကို လက်နက်ကြီးကျလာတယ်။ တစ်လုံးပဲ။ လူအထိအခိုက်တော့ မရှိပေမဲ့ အဆောက်အဦးထိခိုက် ပျက်စီးသွားတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စက်တင်ဘာ ၅ ရက်က နန်းမယ်ခုံမြို့ရှိ ကရင်နီပြည်ရဲဌာန KSP ၏ ရုံးဌာနတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် စစ်ကောင်စီ သတင်းပေးများ၏ အချက်အလက်အရဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
“မနေ့က နောင်ပုလဲရွာ ကိစ္စက နန်းမယ်ခုံ ဖြစ်စဥ်နဲ့ တူတယ်။အတိအကျကို လေကြောင်းက နေ ဗုံးကြဲသွားတာ။ဒီအခြေအနေတွေကို ကြည့်တာနဲ့ စကစသတင်းပေးတွေ ရှိနေကြပြီ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်တွင် တိုက်ပွဲများဖြစ်ပွားနေကာ စစ်ကောင်စီက ပင်လောင်းနှင့် ဆီဆိုင်မြို့ဘက်မှ စစ်ကြောင်းနှစ်ခုဖြင့် ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်။
လက်ရှိစစ်ရေးနှင့်ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အပါအဝင် ကရင်နီတပ်ပေါင်းစုများက ထုတ်ပြန်ချက်နှင့် သီးခြား သတင်းမှတ်ချက်များ မရှိသေးပေ။
ယမန်နှစ် နိုဝင်ဘာကစတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီစခန်း ၁၂ ခု၊ ဒီးမော့ဆိုတွင်စခန်း ၁၃ ခု၊ ဖရူဆိုတွင် စခန်း တစ်ခု၊ဘောလခဲတွင် စခန်း ၅ ခု၊ ဖားဆောင်းတွင် စခန်း ၉ ခု၊ ရှားတောတွင် စခန်း ၇ ခု၊ ဖယ်ခုံတွင် စခန်း ၁၇ ခု၊ မယ်စဲ့မြို့တွင် စခန်းတစ်ခုနှင့် စုစုပေါင်း စခန်း ၆၅ ခုကို သိမ်းဆည်းနိုင်ခဲ့သည်။
သို့သော် လွိုင်ကော်၊ဖယ်ခုံ၊ဘောလခဲ နှင့် ဖားဆောင်း မြို့များရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းများကို သိမ်းပိုက်နိုင်ရန် ကရင်နီတပ်ပေါင်းစုက ကြိုးပမ်းနေသည်။