ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။
စက်တင်ဘာ ၃၀ရက်က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းအား စီပါရွာ အနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ့ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ ၃၃ဦး သေဆုံး(အလောင်းရ)ပြီး လက်နက်ချအညံ့ခံသဖြင့် ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ဦးဖမ်းမိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဆိုသည်။
သို့သော် မြေပြင်တွင် သေဆုံးစစ်သားအလောင်း ၃၆ လောင်းအထိ တွေ့ရှိရပြီး စစ်ကောင်စီက ၂ ရက်ကြာသည်အထိ ရုပ်အလောင်းများလာရောက်သယ်ဆောင်းခြင်းမရှိ၍ ယမန်နေ့ (စက်တင်ဘာ ၂ရက်)က မြေကျင်းတူးကာ မြှုပ်နှံသင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။
“လေယာဉ်သံတဝှီဝှီနဲ့ ၆ပေကျင်း တစ်ကျင်းစီတူးဖို့ အချိန်မရှိဘူး”ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၅၆ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန (MOD)က သတင်းထုတ်ပြန်ထားသည်။
အထိနာခဲ့သော စစ်ကောင်စီတပ်သည် ယမန်နေ့(စက်တင်ဘာ၂ရက်) နေ့လယ် ၂ နာရီခွဲခန့်က ဘုတလင်မြို့နယ် မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံး၁၀ လုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ဖမ်းမိထားသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲဟု ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။