စောနွေဦး/People’s Spring
ပြည်တွင်းရွှေဈေးနှင့်နိုင်ငံခြားငွေဈေးများ ယနေ့(အောက်တိုဘာ ၃) အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းအကျဘက်သို့ ဦးတည်နေသည့် ရွှေဈေးနှင့်နိုင်ငံခြားငွေဈေးများသည် အောက်တိုဘာ ၃ ရက်တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် အောက်တိုဘာလ ၁ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၂သိန်းအထိ ကျဆင်းခဲ့သော်လည်းယနေ့(အောက်တိုဘာ ၃ ရက်)တွင် ၆၄သိန်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဒေါ်လာဈေးမှာလည်း စက်တင်ဘာလကုန်ပိုင်းတွင် တစ်ဒေါ်လာ ၄၆၀၀ ကျပ်အထိကျဆင်းခဲ့သော်လည်းအောက်တိုဘာ ၃ ရက်တွင် ၄၇၀၀ ကျပ်အထိပြန်လည်မြင့်တက်လာသည်။ ထိုင်းဘတ်ဈေးမှာလည်း တစ်ဘတ်ကို ၁၃၆ ကျပ်အထိကျဆင်းခဲ့ရာမှ အောက်တိုဘာ ၃ ရက်တွင် ၁၄၂ ကျပ်ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။တရုတ်ယွမ်မှာလည်း ၆၆၅ ကျပ်အထိကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၃ တွင် တစ်ယွမ်ကို ကျပ် ၇၀၀ ခန့်အထိ ပြန်လည်မြင့်တက်လာသည်။
ပြည်တွင်းရွှေဈေးမြင့်တက်လာသော်လည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ၅၄ သိန်းခန့်သာ ဈေးနှုန်းသတ်မှတ်ထားသည်။
“ကမ္ဘာ့အရေးနဲ့ နိုင်ငံရေးအခြေအနေရ ပြန်တက်လာတာလို့ပဲ ပြောရမယ်။ အရင်ကျခဲ့တာကလည်း စီးပွားရေးကောင်းလို့ ကျတာမဟုတ်ဘူးလေ။ ပြင်ပက သက်ရောက်တဲ့ အချက်အလက်တွေကြောင့် ယာယီကျတဲ့သဘောပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောကြးသည်။
တရုတ်နိုင်ငံ၏ချေးငွေကြောင့် နိုင်ငံခြားငွေလဲနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်ဟုလည်း၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာကို ကျပ် ၇၀၀၀ အထိမြင့်တက်ခဲ့သော်လည်း တရုတ်နိုင်ငံက စစ်ကောင်စီ ကို ယွမ် ၃ ဘီလီယံ(ဒေါ်လာသန်း ၄၃၀ခန့် ) ပေးအပ်ပြးနောက် စက်တင်လကုန်ပိုင်းတွင် နိုင်ငံခြားငွေလဲဈေးကွက်တွင် ကျပ်ငွေတန်ဖိုးတက်ပြီး နိုင်ငံခြားငွေဈေးများပြန်လည်ကျဆင်းခဲ့သည်။
နိုင်ငံခြားငွေလဲနှုန်းများကျဆင်းခဲ့သော်လည်း ပြည်တွင်းမှ ကုန်ဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေဆဲဖြစ်၍ ပြည်သူများ အခက်တွေ့နေသည်ဟု ပြည်သူများကပြောသည်။