ဩဂုတ်-၂၁၊၂၀၂၅။သတိုး/People’s Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ဆုံရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ထော်လာဂျီ နှင့် ဆိုင်ကယ်များကိုPFများကပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းကယနေ့ညတွင်ထုတ်ပြန်သည်။
ဩဂုတ် ၂၁ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဆုံရွာမှ ထော်လာဂျီတစ်စီး ၊ ဆိုင်ကယ်သုံးစီး နှင့်ထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ အမှတ်(၁၀) တပ်ရင်းနှင့်ပူးပေါင်းအဖွဲ့များဖြစ်သော မန္တလေးခရိုင် တပ်ရင်း (၅) ၊ ကျားမင်း(LPDF) ၊ ငန်းနက် (LPDF) ၊ မြောက်ပိုင်းသား (LPDF) ၊ အမရပူရ (ပကဖ) တို့က ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး ခန့်သေဆုံးသည်ကို တွေ့မြင်ခဲ့ရပြီး G3(၃)လက် ၊ MA-11 (၁)လက် ၊ ကျည်ဘောက် (၃)ဘောက် ၊ G3 ကျည် (၁၆)တောင့်ကို ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်ဟု မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း(နွားထိုးကြီးPDF)ကသတင်းထုတ်ပြန်ထားသည်။စစ်တပ်မှသေဆုံးသူအရေအတွက်ကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ ။

Public Service Announcement
စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ကစင့်ကလျားထွက်ပြေးကာပြန်လည်ခုခံခဲ့ပြီးမြင်းခြံမြို့နယ်၊ဆုံရွာနှင့် ငါန်းဇွန်မြို့နယ် ၊ ငါန်းမြာရဲစခန်းတို့မှ စစ်ကူများရောက်လာသောကြောင့် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရုပ်သံမှတ်တမ်းကိုပါထုတ်ပြန်ခဲ့ရာ စစ်သားများပုန်းနေသောတိုက်ကို PDF များကဝိုင်းထားပြီး လက်နက်ချပါက အသက်ကိုအာမခံကြောင်း PDF တွေကပြောပြီး ၊စစ်သားအချို့က ၎င်းတို့အသက်ကို ကယ်ပေးရန်ပြောနေသည်ကို မြင်တွေ့ရသည်။
မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း နှင့် အမှတ် (၁၀)တပ်ရင်းတို့သည် ဩဂုတ် ၅ ရက်ကလည်း နွားထိုးကြီးမြို့နယ်ကနားကျေးရွာမှ ပြင်စည်ကျေးရွာသို့ သွားရောက်သော စစ်ကောင်စီကားတစ်စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်ပါလာသည့်စစ်သားငါးဦးအနက်သုံးဦးသေဆုံးခဲ့ပြီး လက်နက်လေးလက် သိမ်းဆည်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့စီးလာသည့်ကားကို မီးရှို့ဖျက်ဆီးခဲ့သည်။
