သြဂုတ်-၂၂၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုး သတ်ဖြတ်နေလို့ မြစ်ကြီးနား-မန္တလေး ခရီးသွားကားတွေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁၆ ရက်ကစပြီး ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပျူစောထီးတွေက စစ်ကြောင်းထိုး မီးရှို့နေကြောင်း၊ အဲဒီစစ်ကြောင်းကြောင့် မြစ်ကြီးနား-မန္တလေး သွားလာကြမယ့် ယာဥ်ပေါင်းရာချီလည်း ရက်အတန်ကြာ ပိတ်မိနေကြောင်းဒေသခံတွေက ပြောပါတယ်။
“မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းအတက်အဆင်းကားတွေ ရာချီတယ်။ ပိတ်မိနေတယ်။မနေ့ကညနေပိုင်းကစလို့ ဒီမနက်ထိလှုပ်ကို မလှုပ်ရဘူး”လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement
အတက်ကားတွေဟာ ဇီးကုန်းလမ်းဆုံကစလို့ အလယ်လျှိုရွာ၊ရေကြည်ဦး စတဲ့ရွာတွေမှာ ပိတ်မိနေပြီး အဆင်းကားတွေကတော့ ဘောရွာ၊လွှဲဆိပ်၊ ၁၁ ပေါက်၊ အေးသာယာရွာတွေမှာပိတ်မိနေတာဖြစ်ကြောင်း ကားသမားတွေက ပြောပါတယ်။
“လမ်းကြောက တော်တော်အဆင်မပြေတော့ဘူး။ နောက်တခေါက်တက်သင့်မတက်သင့် စဥ်းစားနေရပြီ”လို့ဖားကန့်ကားသမားတစ်ဦးကပြောပါတယ်။
စစ်တပ်နဲ့ ပျူ ပူးပေါင်းစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာ ၅ ရွာအား (၅) ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်အတွင်းရှိ ရွာမရွာသစ်၊အင်းလယ်ကြီး၊ဉာဏ်အင်း၊ထိန်တော၊ကိုင်းရိုး၊အင်္ဂါထောင့်၊သရက်တာနဲ့ ကျေးပင်အက်ရွာတို့မှ ပြည်သူ (၁၀၀၀၀)ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။
