ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ပရာဝစ် ဝမ်ဆူဝန်က သတင်းထောက် အမျိုးသမီး တစ်ယောက်ရဲ့ ခေါင်းကို လှမ်းရိုက်ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းပေးဖို့ ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌဆီ ထိုင်းသတင်းထောက်တွေ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ဖို့ မဲပေးမှုအပြီး ထွက်လာတဲ့ အချိန်မှာ ပါလန် ပရာချာရတ် ပါတီရဲ့ အကြီးအကဲက အမျိုးသမီး သတင်းထောက် တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတင်းထောက်က ဖျူထိုင်းပါတီ (PTP)ခေါင်းဆောင် ပေတွန်တန် ရှီနာဝပ်ထရာကို လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် မဲပေး ဆုံးဖြတ်ခဲ့သလား ဆိုတာကို လှမ်းမေးချိန်မှာ ပရာဝစ်က ညာလက်နဲ့ သူ့ကို လှမ်းရိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိစ္စအပေါ် ကျင့်ဝတ်စည်းမျဉ်းပိုင်းအရ စုံစမ်းပေးဖို့ ထိုင်းသတင်းထုတ်လွှင့်မှု ကောင်စီနဲ့ ထိုင်းသတင်းဂျာနယ်လစ်များ အဖွဲ့ချုပ်တို့က ပူးတွဲပြီး ဩဂုတ် ၂၁ ရက်နေ့မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက် နော်မာသာဆီ အရေးဆိုခဲ့တာ ဖြစ်ပါတယ်။
NBCT သတင်းဌာနရဲ့ ဥက္ကဋ္ဌ ဆူပန် ရက်ခ်ချူအာက ဖြစ်စဉ်ရဲ့ မှတ်တမ်း ဗီဒီယိုထဲမှာဆိုရင် ပရာဝစ်ဟာ သုန်မှုန်နေပြီး သတင်းထောက် တစ်ဦးကိုပါ ရန်လို ခြိမ်းခြောက်နေတာ အထင်းသား တွေ့နိုင်တယ်လို့ ဆိုပါတယ်။
ပရာဝစ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်း ဝန်ကြီးချုပ် ဖြစ်လာတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပယာရွတ် ချန်အိုချာ လက်ထက်မှာ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ပယာရွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ချက် ကျော်လွန်နေပြီဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ကြားနာ စစ်ဆေးနေချိန် အတောအတွင်း ပရာဝစ်ဟာ ထိုင်းရဲ့ ယာယီဝန်ကြီးချုပ်အဖြစ် ၃၇ ရက်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။
သတင်းထောက် အမျိုးသမီးကို ပရာဝစ်က လှမ်းရိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆူပန်က ထိုင်းနိုင်ငံရေးမှာ ဒီလို အပြုအမူမျိုးတွေ မြင်တွေ့ရတာဟာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ မီဒီယာသမားဟာ သူ့တာဝန်သူ လုပ်ဆောင်နေခဲ့တာသာ ဖြစ်ပြီး အဲဒီအတွက် မှန်ကန်တဲ့ အကာအကွယ် ပေးမှုမျိုး လိုအပ်ကြောင်း၊ အခုကိစ္စဟာ ကျင့်ဝတ်ပိုင်းအရ သေချာပေါက် အလေးထားရမယ့် အနေအထား ဖြစ်နေကြောင်း ဝေဖန်သွားပါတယ်။
သတင်းထောက် အစည်းအရုံးတွေက ထိုင်းအောက်လွှတ်တော် အမတ်တွေနဲ့ ကော်မတီဝင်တွေဟာ တခြားသူတွေရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို လေးစားရမှာဖြစ်ပြီး သူတစ်ပါးအပေါ် ပုတ်ခတ်တဲ့၊ စော်ကားတဲ့ လုပ်ဆောင်ချက်မျိုး၊ ပြောဆိုမှုမျိုးတွေကို ရှောင်ရမယ်ဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာ ပုဒ်မ ၁၂၊ အောက်လွှတ်တော် အမတ်တွေနဲ့ ကော်မတီဝင်တွေဟာ လွှတ်တော်၊ အစည်းအဝေးတွေနဲ့ တခြားနေရာတွေမှာ တခြားသူတွေအပေါ် ရန်လိုခြိမ်းခြောက်တဲ့ လုပ်ဆောင်မှုမျိုး၊ တိုက်ခိုက်တာမျိုး မလုပ်ရဘူးဆိုတဲ့ ပုဒ်မ ၁၃ ရယ်ကို ထောက်ပြပြီး အောက်လွှတ်တော် ဥက္ကဋ္ဌဆီ အရေးဆို တိုင်တန်းခဲ့တာပါ။
အဲဒီလုပ်ရပ်တွေ ကျူးလွန်တဲ့အခါ လွှတ်တော်မှာ ရှုတ်ချခံရတာ၊ သတိပေးခံရတာမျိုးတွေအပြင် လွှတ်တော်ဆီ ဝန်ချတောင်းပန်တာမျိုးတွေနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ပရာဝစ်ဟာ လက်ရှိမှာတော့ ထိုင်းအောက်လွှတ်တော်ရဲ့ အမတ်နေရာ ၄၀ လောက် ပါရှိတဲ့ တတိယ အကြီးမားဆုံး ညွန့်ပေါင်း အင်အားစုကို ခေါင်းဆောင်နေသူ ဖြစ်ပါတယ်။
ကိုးကား: Bangkok Post