Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မျောက်ကျောက်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ထိုင်း အတည်ပြု၊ အာရှတိုက်မှာ ပထမဆုံးဖြစ်လာ

ပြည်တွင်းမှာ တွေ့ရှိတဲ့ မျောက်ကျောက် ရောဂါဟာ အာဖရိကတိုက်မှာ လတ်တလော ဒုက္ခပေးနေပြီး နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ် ဆိုတာကို ထိုင်းနိုင်ငံက အတည်ပြုလိုက်ပါတယ်။

ပြည်တွင်းမှာ တွေ့ရှိတဲ့ မျောက်ကျောက် ရောဂါဟာ အာဖရိကတိုက်မှာ လတ်တလော ဒုက္ခပေးနေပြီး နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ် ဆိုတာကို ထိုင်းနိုင်ငံက အတည်ပြုလိုက်ပါတယ်။

အသက် ၆၆ နှစ်အရွယ် ဥရောပတိုက်သား တစ်ဦးဟာ အမည်ဖော်မပြတဲ့ အာဖရိက နိုင်ငံတစ်ခုကနေ ဩဂုတ် ၁၄ ရက်နေ့တုန်းက ထိုင်းကို ရောက်လာခဲ့ပြီး သူ့မှာ Clade 1b အမျိုးအစား မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်လာခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲ့ ရောဂါထိန်းချုပ်ရေးဌာန (DDC)က ထုတ်ပြန်ခဲ့ပါတယ်။

မူလကတော့ အဲဒီ မျောက်ကျောက် လူနာမှာ ကပ်ငြိလာတဲ့ ဗိုင်းရပ်စ် အမျိုးအစားကို ဓာတ်ခွဲစစ်ဆေးနေဆဲလို့ ထုတ်ပြန်ထားခဲ့ပြီး ဩဂုတ် ၂၂ ရက်မှာတော့ Clade 1b ဆိုတာကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ Clade 1b မျောက်ကျောက် ဗိုင်းရပ်စ်ကို အာရှတိုက်မှာ ပထမဆုံး၊ အာဖရိကတိုက် ပြင်ပမှာ ဒုတိယမြောက်အဖြစ် ဓာတ်ခွဲ တွေ့ရှိခြင်းပါပဲ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကွန်ဂိုနိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေဟာ တခြား အာဖရိက အိမ်နီးချင်း နိုင်ငံတွေဆီကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ကွန်ဂိုမှာ အဲဒီရောဂါကြောင့် သေဆုံးသူ ၄၅၀ ထက်မနည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဘာရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနဲ့ ယူဂန္ဓာတို့လို အရင်က မျောက်ကျောက်ရောဂါဒဏ် လုံးဝ မခံစားရဖူးတဲ့ အာဖရိက နိုင်ငံတွေမှာပါ ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိလာတဲ့နောက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က မျောက်ကျောက် ကူးစက်မှုတွေကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် အခုလလယ်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

WHOဟာ ၂၀၂၂ တုန်းကလည်း မျောက်ကျောက် ကူးစက်မှုတွေကို အလားတူ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ၁၀ လလောက် အကြာမှာ ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရောဂါ ကူးစက်မှုတွေဟာ Clade 2 ဗိုင်းရပ်စ် မျိုးကွဲကြောင့် ဖြစ်ပါတယ်။ လက်ရှိ ကြုံနေရတဲ့ Clade 1bဟာ Clade 1မျိုးကွဲကနေ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပြီး Clade 2ထက် ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်တတ်ပါတယ်။

ဆွီဒင်ဟာ Clade 1b ကူးစက်လူနာ တစ်ယောက်ကို တွေ့ရှိတဲ့ အာဖရိကပြင်ပ ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အာဖရိကတိုက်ကနေ ရောက်လာတဲ့ အမျိုးသား တစ်ဦးမှာ အဲဒီဗိုင်းရပ်စ် ကပ်ငြိပါလာတာကို တွေ့ရှိခဲ့ကြောင်း ဆွီဒင် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အခုတော့ အာရှနိုင်ငံတွေထဲမှာ ပထမဆုံးအဖြစ် ထိုင်းဟာ Clade 1b တွေ့ရှိမှုမှာ စျေးဦးပေါက်သွားခဲ့ပါပြီ။

မျောက်ကျောက်ရောဂါဟာ လူအချင်းချင်း အနီးကပ် ထိတွေ့မှုတွေ၊ လိင်ဆက်ဆံတာ၊ နမ်းရှုံ့တာတွေကနေ ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါရှိသူနဲ့ နီးနီးကပ်ကပ် စကားပြောတာ၊ အသက်ရှူတာတွေကြောင့် ကူးနိုင်သလို လူသုံးကုန်တွေနဲ့ တခြားပစ္စည်းတွေမှာ ကပ်ငြိရာကနေလည်း ကူးစက်တတ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ၊ ဝက်သက်ရောဂါတွေလိုမျိုးတော့ ကူးစက်နိုင်စွမ်း အရမ်းမမြင့်ပါဘူး။

WHOကတော့ Clade 1bဟာ ရောဂါဖြစ်ပွားရင် သေဆုံးနိုင်ခြေ မြင့်မားနိုင်တာကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုတော့ ရောဂါ ကူးစက်မှုတွေရဲ့ ဗဟိုချက်လို့ ဆိုနိုင်တဲ့ ကွန်ဂိုနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်ဖို့ စီစဉ်နေပါပြီ။ အာဖရိကတိုက်မှာ ကာကွယ်ဆေး ရှားပါးပေမယ့် လာမယ့် သီတင်းပတ်လောက်ကစလို့ ကွန်ဂိုကို ကာကွယ်ဆေး ယူနစ်ပေါင်း သန်းနဲ့ချီပြီး ရောက်လာဖွယ် ရှိနေပါတယ်။

ထိုင်းအာဏာပိုင်တွေက အမည်ဖော်မပြတဲ့ အဲဒီ လူနာ အမျိုးသားနဲ့ လေယာဉ်ပေါ်မှာ အနီးကပ် ထိုင်ခဲ့သူတွေ၊ အဲဒီနောက်ပိုင်း သူနဲ့ ထိတွေ့ခဲ့သူတွေ စုစုပေါင်း ၄၃ ယောက်ကို ခြေရာခံ စုံစမ်းနေပြီး ၂၁ ရက်ကြာ စောင့်ကြည့်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မျောက်ကျောက် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံ ၄၂ ခုကနေ ဆိုက်ရောက်လာမယ့် ခရီးသည်တွေကိုလည်း လေဆိပ်မှာတင် ဆေးစစ်မှု ခံယူရမယ်လို့ ထိုင်းက သတ်မှတ်လိုက်ပါတယ်။

Clade 1bကြောင့် ဖြစ်ပွားတဲ့ မျောက်ကျောက်ဟာ တခြားမျောက်ကျောက် မျိုးကွဲတွေထက် သေနှုန်း ပိုမြင့်ပြီး လူနာ ၁၀၀ မှာ ၄ ယောက်လောက်ထိ အသေအပျောက် ရှိတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအား လျော့ကျစေတဲ့ ရောဂါအခံ ရှိသူတွေမှာ ပိုပြီး စိုးရိမ်ရပါတယ်။ တခြားပိုပြီး ပျော့ပျောင်းတဲ့ Clade 2 အမျိုးအစား မျောက်ကျောက် ကူးစက်မှုတွေကတော့ နိုင်ငံတော်တော်များများမှာ အနည်းအကျဉ်း ဆက်လက် တည်ရှိနေဆဲလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ