ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းသာ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်လာမယ် ဆိုရင် NATO မဟာမိတ် နိုင်ငံတွေနဲ့ ရုရှားကြားမှာ တိုက်ရိုက် စစ်ပွဲ ဖြစ်ပေါ်လာအောင် တွန်းပို့ရာ ရောက်လိမ့်မယ်လို့ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။
ယူကရိန်းက အနောက်မဟာမိတ် နိုင်ငံတွေဆီက ရရှိထားတဲ့ စစ်လက်နက်တွေထဲက တာဝေးတိုက်ခိုက်နိုင်တဲ့ အမျိုးအစားတွေကို ရုရှားပိုင်နက်ထဲက စစ်ဆင်ရေးတွေမှာ သုံးစွဲခွင့်ပြုဖို့ အပူတပြင်း တောင်းဆိုနေပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း အဲဒီကိစ္စကို ဆွေးနွေးနေတဲ့နောက် ပူတင်က အခုလို တင်းတင်းမာမာ သတိပေးလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိစ္စကိုသာ အနောက်နိုင်ငံတွေက ခွင့်ပြုလိုက်မယ်ဆိုရင် စစ်ပွဲရဲ့ သဘောသဘာဝဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်ကြောင်း၊ တစ်နည်းအားဖြင့် အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ NATOတို့ကိုယ်တိုင် ရုရှားနဲ့ စစ်ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဆီ ဦးတည်သွားနိုင်ကြောင်း ပူတင်က ရုပ်မြင်သံကြား အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။
ရုရှားဖက်က အခုလို တင်းတင်းမာမာ သတိပေး ခြိမ်းခြောက်တာနဲ့ ပတ်သက်လို့ အမေရိကန်ရော၊ NATOဖက်ကပါ ချက်ချင်း သဘောထားတုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
အမေရိကန်နဲ့ အနောက် မဟာမိတ်တွေဟာ ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို နယ်စပ်တဝိုက်က ရုရှား စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တဲ့ နေရာမှာ အသုံးပြုခွင့် ပေးထားပေမယ့် တာဝေးပစ် လက်နက်တွေ သုံးစွဲခွင့်ကိုတော့ ယူကရိန်း ပိုင်နက်ထဲမှာသာ ခွင့်ပြုထားပါတယ်။
တစ်ဖက်မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်စစ်ကို ထိထိရောက်ရောက် ချိုးနှိမ် ရပ်တန့်ဖို့ဆိုရင် ရုရှားနိုင်ငံ အတွင်းပိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကိုပါ ဖိအားပေး ဖျက်ဆီးနိုင်ဖို့ လိုတယ်လို့ ထောက်ပြပြီး လက်နက်တွေ ပိုပြီး အချုပ်အခြယ် ကင်းကင်းနဲ့ အသုံးပြုခွင့် ရရေးကို အစဉ်တစိုက် တောင်းဆိုနေခဲ့ပါတယ်။
ပူတင်က အနောက်နိုင်ငံတွေကို ခြိမ်းခြောက်စကား ပြောခဲ့သလို တပြိုင်တည်းမှာပဲ ရုရှားပိုင်နက်ထဲထိ ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်ပြီး သိမ်းယူထားတဲ့ ကာ့စ်ခ်ဒေသ နယ်မြေ အများအပြားကို ရုရှားက ပြန်လည် ထိန်းချုပ်လာနိုင်နေပြီလို့လည်း ကြေညာခဲ့ပါတယ်။ ရုရှားဟာ ကာ့စ်ခ်ဒေသထဲက ခုခံစစ်ဆင်မှုတွေကို ထိထိရောက်ရောက် အရှိန်မြှင့်တင်လာနေနိုင်ပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။
ကိုးကား: AFP