စက်တင်ဘာ−၄၊ ၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)ညောင်လေးပင်ခရိုင် ကျောက်ကြီး -မုန်းပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဒုတပ်ရင်းမှူး တဦးနှင့် တပ်ခွဲမှူး တဦးအပါအဝင် (၆)ဦး သေဆုံးကာ (၁၆)ဦး ခန့် ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(စက်တင်ဘာ၄ရက်) ညတွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂ရက်တွင် ကျောက်ကြီးမှ မုန်းမြို့ ဆက်သွယ်ထားသည့် ကားလမ်းပိုင်းစစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကျောက်ကြီးမြို့နယ် မျက်ရဲရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဆိုသည်။
စစ်ကောင်စီတပ်ကဂျက်ဖိုက်တာများလက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ကူခဲ့သော်လည်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးများပြားပြီး တပ်ပြန်ဆုတ်သွားဟု KNU က ထုတ်ပြန်သည်။ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်းလည်း မှတ်တမ်းဓာတ်ပုံနှင့်အတူ ဖော်ပြသည်။

Public Service Announcement
အဆိုပါ ဒေသတွင် PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ KNLA နှင့် ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်သည်။
ယခုမျက်ရဲရွာတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်အပါအဝင်အလောင်းများရရှိခဲ့ဟုအမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောထားသည်။
“ကျနော်တို့ဆီ စစ်ကြောင်းထိုးလာတာကလည်း လက်ရှိ ကျောက်ကြီးမြို့နယ် အခြေစိုက် တပ်ရင်းနဲ့ ပျူစောထီးတွေကပဲ လာပြီး ကျနော်တို့ဆီကို စစ်ကြောင်းထိုးတာ။ ရန်သူအင်အားကလည်း ၁၀၀ လောက်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ခံက ပြောသည်။
ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို စစ်တပ်ဖက်မှ ပြန်လည်ရယူရန် လက်နက်ကြီးများဖြင့် နေစဥ်ပစ်ခတ်လျက်ရှိကာ မြေပြင်စစ်ကြောင်းများဖြင့် အဆက်မပြတ် ထိုးစစ်များ လုပ်ဆောင်လျှက်ရှိသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်တိုမှ စစ်တပ်အား လမ်းတလျှောက် ဖြတ်တောက်တိုက်ခိုက်မှုများအား လုပ်ဆောင်လျှက်ရှိဟု KNUက ထုတ်ပြန်သည်။
အာဏာသိမ်းစစ်တပ်မှကျောက်ကြီး-မုန်းကားလမ်းတလျှောက် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုများအား လုပ်ဆောင်လျက် ရှိသောကြောင့် ၎င်းကားလမ်းမဘေး တစ်လျှောက်ရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် စိုးရိမ်ထိတ်လန့်ကြသောကြောင့် အသက်ဘေး လွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးတွင်းကာလဖြစ်သည့်အလျောက် ဘေဒုက္ခများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိဟု အသိပေးထားသည်။
