Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မေလ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎KNU ကွန်ဂရက်အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် NUG ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ၁၇ကြိမ်မြောက်ကွန်ဂရက်အောင်မြင်စွာ ကျင်းပပြီးစီးခြင်းကိုဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ပါတယ်။ NUGနဲ့ KNUအကြား တည်ဆောက်ရရှိထားပြီးတဲ့ မဟာမိတ်ဆက်ဆံရေးကို အခုထက်ပိုမိုခိုင်မာအားကောင်းစေလျက် တော်လှန်ရေး အင်အားစုများနဲ့လက်တွဲကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် စုပေါင်းခေါင်းဆောင်မှုနဲ့အတူတကွဆက်လက်လက်တွဲ ဆောင်ရွက်သွားနိုင်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။ KNU ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီ ၂၄ မှ မေလ ၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့ရဲ့ ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ ဦး၊ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး၊ ဌာနဆိုင်ရာတာဝန်ခံများကို ရွေးချယ်ခဲ့ပါတယ်။

▪︎သံအမတ်ကြီးဦးကျော်မိုးထွန်း ပြည်သူ့ဂုဏ်ရည်ဆုရရှိ

နွေဦးတော်လှန်ရေးရဲ့ စ ဦး တိုက်ပွဲဖြစ်တဲ့အဓမ္မစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ်၊ ကမ္ဘာ့အလယ်မှာ CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့်ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲဲ့က ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲအသီးသီးမှ တင်သွင်းထားကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် အမည်စာရင်းများအား အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြဆုရွေးချယ်ရေး လုပ်ထုံး လုပ်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ရွေးချယ်ခဲ့တာလို့ အသိပေးပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုကို အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ မေလ ၂၁ ရက်မှာ အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

▪︎ဘိုက​လေးမြို့နယ်ရဲစခန်းကို PDFများတိုက်ခိုက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရဲစခန်းကို PDF များကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံအချို့နဲ့ တိုက်ခိုက်ခဲ့​​​တဲ့ PDFအဖွဲ့က​ပြောပါတယ်။ ဧရာဝတီစစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ချိတ်ဆက်ဆောင်ရွှက်မှုနဲ့ ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဘိုကလေးမြို့နယ် ရဲစခန်းကို မနေ့ ညပိုင်းက ဧရာဝတီလင်းပိုင်မော်ကျွန်း၊ ဘိုကလေးလင်းပိုင်နဲ့ မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး 79 ဗုံးပစ်လောင်ချာ၊ 40mm ဗုံးသီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Bogalay Dolphin People’s Defence Force က သတင်းထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုကြောင့် ထိခိုက်မှု‌အခြေအနေကိုမူမသိရသေးပါဘူး။

(ဘိုက​လေးမြို့မ ရဲစခန်း။ဓါတ်ပုံ-CJ)
(ဘိုက​လေးမြို့မ ရဲစခန်း။ဓါတ်ပုံ-CJ)

▪︎ချောင်းဦးမှာ ပကဖစခန်းခွဲတစ်ခုစီးနင်းခံရ ရဲဘော်သုံးဦးကို စစ်ကောင်စီတပ်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စခန်းတစ်ခုကို စီးနင်းပြီးနောက် ရဲဘော်ငါးဦးနဲ့ ပြည်သူသုံးဦးကို သတ်ဖြတ်သွားတယ်လို့ Chaung U Revolution အဖွဲ့က ပြောပါတယ်။ မေလ ၅ ရက်က ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအစပ်မှာ စစ်ကောင်စီတပ်နဲ့ မြို့နယ် (ပကဖ) ကင်းတပ်စိတ်များ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ CHUPDF ရဲ့ လေ့ကျင့်ရေးနဲ့စည်းကမ်းထိန်းသိမ်းရေးနောက်တန်းစခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာ စခန်းခွဲမှ စခန်းခွဲမှူးတစ်ဦးနဲ့ ရဲဘော် နှစ်ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဟာ အနီးနားရှိ တောရဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ကိုင်နေသူ နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ Chaung U Revolution အဖွဲ့က ပြောပါတယ်။

▪︎အမရပူရမြို့နယ် လဝကရုံးကို ဗုံးပစ်တိုက်ခိုက်

မန္တလေးမြို့ အမရပူရမြို့နယ်လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးကို ‌ဗုံးပစ်တိုက်ခိုက်ခဲ့ရာ Non-CDM ဝန်ထမ်းသုံးဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးသွားတယ်လို့ No More Dictatorship People Defence Force – NMD အဖွဲ့မှတာဝန်ရှိသူက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို မေလ ၅ ရက် ညနေပိုင်းက NMD နဲ့ Demon Revolution Army အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် Non-CDM ဝန်ထမ်းများဖြစ်တဲ့ လဝက လက်ထောက်ညွှန်မှူးရဲ့ဇနီး ဝန်ထမ်းအမျိုးသမီး၊ ဒုဉီးစီးမှူးနဲ့ အခြားဝန်ထမ်းတစ်ဦး စုစုပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရုံးရှေ့မှာ ရပ်ထားတဲ့ကားလည်း အပျက်အဆီးရှိတယ်လို့ သိရပါတယ်။

▪︎မြန်မာစစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်ရေးလှုံ့ဆော်မှုများနဲ့ စစ်သုံ့ပန်းဓာတ်ပုံများကို Canal+ နဲ့ Thaicom တို့ ထုတ်လွှင့်နေ

ပြင်သစ်ကော်ပိုရေးရှင်း Vivendi SA ရဲ့ လုပ်ငန်းခွဲ Canal+ နဲ့ ထိုင်းဂြိုလ်တု ကော်ပိုရေးရှင်း Thaicom တို့ဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်မူများ၊ OECD လမ်းညွှန်ချက်များ၊ နိုင်ငံတကာဥပဒေနဲ့ စံနှုန်းတွေအရ ၎င်းတို့ လိုက်နာရမယ့် တာဝန်ဝတ္တရားများကို ဆန့်ကျင်ပြီး မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးသတင်းများကို ထုတ်လွှင့်နေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။ တရားမဝင်စစ်အုပ်စုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး မြန်မာပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအဖြစ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းအတွက် ရုပ်မြင်သံကြားကို အသုံးပြုနေခြင်းဖြစ်ပြီး အဲဒီအစီအစဉ်များကို Canal + နဲ့ Thaicom တို့က ထုတ်လွှင့်ပေးနေတာပါ။ ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ သူတို့ အာဏာပိုင်နယ်မြေအတွင်းမှာရှိကြတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေ အတွက် တာဝန်ရှိကြတဲ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ ဥပဒေနဲ့ စံနှုန်းတွေကို လိုက်နာကျင့်သုံးစေဖို့ အရေးတကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းပါတယ်။

▪︎စစ်ကောင်စီရဲ့ အကယ်ဒမီပွဲတတ်ရောက်တဲ့ ဇာတ်ပို့တစ်ဦး ကွယ်လွန်

နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကယ်ဒမီပေးပွဲ တတ်ရောက်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာဟာ အဲဒီပွဲမှအပြန် ကားပေါ်မှာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ အတူသွားရောက်ခဲ့သူတွေဆီက သိရပါတယ်။ ဒီနေ့ မနက်ပိုင်း ရန်ကုန်သို့ပြန်မယ့်ကားပေါ်မှာ ကွယ်လွန်သွားခဲ့တာလို့ အမျိုးသမီးသရုပ်ဆောင်တစ်ဦးက ဆိုပါတယ်။ ကွယ်လွန်သွားတဲ့ ဦးအောင်သာဟာ ရုပ်ရှင်ဇာတ်လမ်းများမှာ အဖေခန်းများပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ပို့တစ်ဦးဖြစ်ပြီး အသက် (၇၀)ကျော်အရွယ်ရှိပြီလို့ သိရပါတယ်။