“၃၅၄ တပ်ပဲ နည်းနည်းကျန်တယ်လို့ကြားရတယ်။ ကျန်တပ်စခန်းတွေအားလုံးထိန်းချုပ်ထားနိုင်တယ်ကြားတယ်”
−PDF တစ်ဦး
ဒီးဒီ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမ(၄၀၆)တို့တည်ရှိပြီး အဆိုပါတပ်စခန်းများအား တအာင်းတပ်မတော်(TNLA) နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။
အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေစိုက် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။
” ၃၅၄တပ်ပဲ နည်းနည်းကျန်တယ်လို့ကြားရတယ်။ ကျန်တပ်စခန်းတွေအားလုံးထိန်းချုပ်ထားနိုင်တယ်ကြားတယ်”ဟု နောင်ချို PDFမှ ရဲဘော်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သားများသည် တောင်းခမ်းကျေးရွာအနီးရှိ တောတောင်ကြားများတွင်လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။
“တောင်းခမ်းဘက်လည်း မကြာခင် အောင်မြင်တော့မှာပါ”ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် တောင်းခမ်းတိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသော ရဲဘော်တစ်ဦးကလည်း ၉၀၂၊၄၀၆ နှင့် ၃၅၄ တပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အသိပေးသည်။ စစ်ကောင်စီက လေကြောင်းပစ်ကူများလည်း ဆက်တိုက်အသုံးပြုနေသည်ဟုသိရသည်။တိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။
တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်
ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်းများ၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်စီတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။