close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီအုပ်ချုပ်‌ရေးယန္တရားပျက်သွားသည့် မြို့နယ်များမှ ဥပဒေအရာရှိများကို ပြည်နယ်နှင့်တိုင်းရုံးချုပ်များသို့ အစုလိုက်အပြုံလိုက်ပို့

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် ပြည်နယ်နှင့်တိုင်း ခြောက်ခုရှိ မြို့နယ်များမှ ဥပဒေအရာရှိများကို ပြည်နယ်ရုံးချုပ်များသို့ ပြောင်းနေရန် ညွှန်ကြားလိုက်သည်။

တော်လှန်​ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထား​သောတရားရုံး (ဓာတ်ပုံ - AA)

ယောနသံ/ People’s Spring

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် ပြည်နယ်နှင့်တိုင်း ခြောက်ခုရှိ မြို့နယ်များမှ ဥပဒေအရာရှိများကို ပြည်နယ်ရုံးချုပ်များသို့ ပြောင်းနေရန် ညွှန်ကြားလိုက်သည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှ ခရိုင် နှင့် မြို့နယ်ဆင့်ဥပဒေအရာရှိများကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းမှ ဥပဒေချုပ်ရုံးများသို့ ပြောင်းခြင်းဟု နေပြည်တော်တရားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားပျက်သွားတာ ။ ခရိုင်ဥရှိ(ဥပဒေအရာရှိ)တွေ၊ မြို့နယ်ဥရှိတွေ တော်တော်လေး လမ်းပျောက်သွားတယ်။ နည်းမှ မနည်းပဲ”ဟု နေပြည်တော်မှ တရားရေး ဝန်ထမ်းတစ်ဦးကပြောသည်။

စစ်ကောင်စီသည် အဆိုပါတိုင်းနှင့်ပြည်နယ်များရှိ ၎င်းတို့စွန့်လွတ်ထားရသည့်မြို့နယ်များမှ တစ်မြို့နယ်ချင်းစီအလိုက် ခရိုင်ဥပဒေအရာရှိ၊ ခရိုင်လက်ထောက်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်လက်ထောက်ဥပဒေအရာရှိတို့ကို တိုင်းနှင့်ပြည်နယ်ရုံးချုပ်များသို့ သွားရောက်တာဝန်ထမ်းဆောင်ရန်ညွှန်ကြားချက်ကိုသြဂုတ်လကုန်တွင် ပို့ဆောင်လာခြင်းဖြစ်သည်။ဥပမာ မန္တလေးတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တော်လှန်ရေးအင်အားစုများကထိန်း

ချုပ်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ်မြို့များအပြင် တိုက်ပွဲများပြင်းထန်နေသည့် မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များမှ ဥပဒေအရာရှိများကို မန္တလေးတိုင်းဥပဒေချုပ်ရုံးသို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်သည်။

“တရားသူကြီးတွေရော၊ ဥပဒေအရာရှိတွေရော ၊အရင်ကတည်းက ပြေးကြတာပါ။ အခုကတော့ လက်ကျန် ဥရှိတွေရဲ့ လုံခြုံရေးကို တာဝန်မယူချင်လို့ တရားဝင်သတိပေးတဲ့ သဘောအမိန့်ထုတ်တာ။ ‌နောက်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်းပျက်သွားတာ” ဟု CDM ပြုလုပ်ထားသည့် တရားရေးဝန်ထမ်းတစ်ဦးကပြောသည်။

အစိုးရရှေ့နေဖြစ်သည့် ဥပဒေအရာရှိများအနက် လူနည်းစုမှလွဲ၍ ကျန်အများစုသည် အမှုသည်နှင့် တရားသူကြီးကြားတွင် ငွေကြေးတံဆို့လက်ဆောင်လက်ခံရယူသူများအဖြစ် တရားရေးအသိုင်းအဝိုင်း၌ လူသိများသည်။ ယခုအခါ ဥပဒေအရာရှိများ စားပေါက်ပိတ်ပြီဟု နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်း‌ဆီထောင်ချခံရဖူးသည့် မန္တလေးတိုင်းမှ အမျိုးသမီးတစ်ဦးကပြောသည်။

” တရားသူကြီးတွေရော ဥပဒေအရာရှိတွေ အတူတူပဲ။လစာက သိန်းဂဏန်းသာရတယ်။သူတို့ကြည့်တော့ မတရားချမ်းသာနေကြပြီ။ မျှတတဲ့ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ အများစုကတော့ အမှုသည်တွေရဲ့လည်မျိုကို နင်းပြီးမှ စားကြသောက်ကြတဲ့ လူတန်းစားပါ” ဟု ၎င်းကဆက်ပြောသည်။

စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း တရားရေးအသိုင်းအဝိုင်းမှ CDM ပြုလုပ်သူအလွန်နည်းပါးခဲ့သည်။ တရားသူကြီး ၂ဝ ကျော်အပါအဝင် တရားရေးဝန်ထမ်း ၆၀ ကျော်နှင့် ဥပဒေအရာရှိ ၂၀ကျော်သာ CDM ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုများကြောင့် မြို့အများအပြားလက်လွတ်ဆုံးရှုံးနေရပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားလည်း ပျက်စီးနေပြီဖြစ်သည်။လက်ရှိတော်လှန်ရေး၏ အောင်မြင်မှုအခြေအနေများကို အုပ်စု ၄ ခုခွဲ၍ တိုင်းတာနိုင်ပြီး ပထမအုပ်စုတွင် မြို့ ၇၅ မြို့ကို တော် လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ဒုတိယအုပ်စုအနေဖြင့် မြို့ပေါင်း ၁၀၅ မြို့ကို တော်လှန်ရေတပ်များက ၀ိုင်းဝန်းပိတ်ဆို့ထားကြောင်း၊ တတိယအုပ်စုတွင် ပြည်သူ့တော်လှန်စစ်ဖြစ်နေသည့် မြို့ပေါင်း ၇၄ မြို့ရှိကြောင်း၊ တတိယအုပ်စုအနေဖြင့် စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်ထားသော မြို့ပေါင်း ၉၈ မြို့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြီးခဲ့သည့်သြဂုတ်လ လယ်တွင် ပြောခဲ့သည်။

(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထား​သောတရားရုံး ၊စစ်​ကောင်စီရုံးအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ- AA ၊ MDY-PDF ၊TNLA )

ဆက်စပ်သတင်းများ

Facebook