close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်အနေဖြင့် မြန်မာ့အချုပ်အခြာအာဏာ ခြိမ်းခြောက်စော်ကားသည့်လုပ်ရပ်မျိုး ရှောင်ရှားသင့်ဟု အာဏာရှင်ဆန့်ကျင်ရေးကော်မတီ ထုတ်ပြန်

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာပြည်သူလူထုထံမှ ဆင်းသက်လာကြောင်းကို သတိပြု၍ အချုပ်အခြာအာဏာအားခြိမ်းခြောက်စော်ကားသည့် ဝင်ရောက်စွက်ဖက်သော လုပ်ရပ်မျိုးရှောင်ရှားသင့်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ယနေ့( စက်တင်ဘာ ၁ရက်) ထုတ်ပြန်သည်။

၂၀၂၃ မေလ ၇ ရက်က တရုတ်အလံ၊ တရုတ်အစိုးရခေါင်းဆောင်တို့၏ ပုံများကို မီးရှို့ပြီး ကန့်ကွက် ဆန္ဒပြနေကြသော စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသခံများ။ ဓာတ်ပုံ - CJ

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ခုခံတွန်းလှန်စစ်အပေါ် အတင်းအဓမ္မဖိအားပေးရပ်တန့်စေသည့်လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ

“အနိုင်ကျင့်ဗိုလ်ကျမှုမှန်ရင် ဘယ်အင်အားကြီးကိုမှ အညံ့ခံမှာမဟုတ် အထူးသဖြင့် အသက်သွေးများစွာအရင်းပြုထားတဲ့တော်လှန်ရေးကို ပန်းဝင်ခါနီးမှာ ဘယ်ခြိမ်းခြာက်မှုအတွက်မှ အပျက်ခံမှာ မဟုတ် ဆိုတာပါပဲ”

− ဦးမင်းကိုနိုင်

ဟန်နွေ/People’s Spring

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာပြည်သူလူထုထံမှ ဆင်းသက်လာကြောင်းကို သတိပြု၍ အချုပ်အခြာအာဏာအားခြိမ်းခြောက်စော်ကားသည့် ဝင်ရောက်စွက်ဖက်သော လုပ်ရပ်မျိုးရှောင်ရှားသင့်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ယနေ့( စက်တင်ဘာ ၁ရက်) ထုတ်ပြန်သည်။

တရုတ်နိုင်ငံ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အပေါ် သတိပေးခြိမ်းခြောက်သည့် အလားသဏ္ဍာန်တူသော ကြေညာချက်တစောင် ဩဂုတ် ၂၉ရက်တွင် ပေးပို့လာခြင်းနှင့်ပတ်သက်ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)က ယခုကဲ့သို့ သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါစာတွင် TNLA အနေဖြင့် တိုက်ပွဲချက်ချင်းရပ်ရန်နှင့် မရပ်ပါက ဆုံးမမည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်ည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဩဂုတ် ၃၁ရက်တွင်လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် “တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်အတွက်

အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့မှုကိုလည်း ကော်မတီ၏သဘောထား ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြကာ စွက်ဖက်စော်ကားသည့် လုပ်ရပ်ရှောင်ရှားရန် အသိပေးခဲ့သည်။

ကော်မတီအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူရေးအတွက် ဒီမိုကရေစီ စံနှုန်းများအား အလေးထားကာ တိုက်ပွဲဝင်နေကြသည့် နိုင်ငံတဝှမ်းရှိ လက်နက်ကိုင်အင်အားစုများ၏ ခုခံတွန်းလှန်စစ်များအား အပြည့်အ၀ ထောက်ခံအားပေးကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ခုခံတော်လှန်တွန်းလှန်နေသည့် မဟာမိတ်အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများအပေါ် အတင်းအဓမ္မ ဖိအားပေး ရပ်တန့်စေသည့် တရုတ်၏ ကြိုးပမ်းမှုအားလုံးအပေါ်

ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံက TNLAထံပေးပို့သည့် စာနှင့်ပတ်သက်ပြီး ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်၏ သဘောထားကို အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းပြန်ကြားရေးဌာန PVTVက ဖော်ပြခဲ့သည်။

“ဓားပြဗိုလ်ရဲ့ငိုချင်းရှည်ကြီးအပြီးမှာ ဒီစာထွက်လာတာ ဖြစ်တယ်။ မဟာမိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် နဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ ကြေညာအပြီး ဒီစာထွက်လာတယ်။တွေ့ကရာလူတွေဖမ်း စစ်သားစု၊ လောင်စာဆီ စားသုံးဆီ အကျပ်တည်းတွေကြုံကုန်ဈေးနှုန်းတွေ အဆမတန်တက် မီတာခတွေ အဆများစွာ တိုးကောက်ချိန်မှာ

ဒီစာထွက်လာတယ်။တော်လှန်ရေးက တိုက်တိုင်းအောင်စစ်ဓားပြတွေ တိုက်တိုင်းရှုံး မေမြို့/မန္တလေး အဝိုင်းခံထားရပြီ၊သိမ်းရရင် ပြီးပြီ ဆိုတဲ့ အခြေအနေမှာဒီစာထွက်လာတယ်။ အာရုံလွှဲချင်တာလား အချိန်ဆွဲချင် စိတ်ဝမ်းကွဲစေချင်တာလား”ဟု ဦးမင်းကိုနိုင်က ပြောကြားထားသည်။

တော်လှန်ရေးသမားအင်အားစုများ အနေဖြင့် သာမန်အချိန်၌ မတူကွဲပြားမှု ရှိချင်ရှိမည်ဖြစ်သော်လည်း အရေးကြုံလာပါက စည်းလုံးညီညွတ်မှုအသင့်ရှိဟုလည်း ဦးမင်းကိုနိုင်က အသိပေးသည်။

“လက်တချောင်းစီချိုးဖို့ သူတို့ကြံတာလားလက်သီးဆုပ် မဖြည်ဘူးဘယ်သူကိုခြိမ်းခြောက် သည်ဖြစ်စေ ဒါ တော်လှန်ရေးအင်အားစုအားလုံးကိုခြိမ်းခြောက်တာပဲ။ခြိမ်းခြောက်သူတွေအနေနဲ့အရှိတရားကိုနားလည်ပါ။ သူတို့အကျိုစီးပွားတွေ စစ်ကောင်စီမကာကွယ်နိုင်တော့ဘူး

ပြည်သူတွေလက်ထဲရောက်နေပြီ။ ပိုက်လိုင်းဖြတ်သန်းတဲ့မြေပေါ်စုံရပ်ပြီး ဒါတို့ပြေဒါတို့မြေ လက်ရုံးဆန့်တန်းပြရမလား အသင့်ပါပဲ။ဒေသတွင်း အင်အားကြီး နိုင်ငံရဲ့ခြေလှမ်းကိုကမ္ဘာကြီးမြင်ဖို့လို။ဒီခြိမ်းခြောက်စာနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေ အရေးပေါ်တိုင်ပင်/ချမှတ်နေကြပြီ။ Seal တံဆိပ်မပါ ဒေသန္တရလိုလို ပေးစာပစ်စာလိုလို ဝေဝါးနေပေမဲ့သွေးတိုးစမ်းတာလား မေးစရာရှိတယ် ။ခေါ်သံရှိရင်ထူးသံရှိမှာပဲ။တော်လှန်ပြည်သူတွေက ဘာမဆိုရင်ဆိုင်ဖို့ အသင့်ရှိတယ်။သံရုံး Page အောက်က မြန်မာပြည်သူတွေရဲ့comments တွေ ကြည့်လိုက်ပေါ့’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

အမှန်တကယ် ရင်ဆိုင်ကြရပါက ညီနောင်မဟာမိတ်များ ကြုံရမည့် အခက်အခဲများကို စဉ်းစားနေပြီး ကူညီဖြေရှင်းနည်းလမ်းများရွေးနေကြောင်းလည်း ဦးမင်းကိုနိုင်က ပြောသည်။

“ဘဏ္ဍာ၊ ရိက္ခာ စစ်ရေးလိုအပ်ချက် အစုံပါမယ်။ အခုလည်းဒီခြိမ်းခြောက်မှုကို

ကိုယ်စီသဘောထား ထွက်ပြော ထွက်ရပ်ပြကြမှာပါ။ လူမျိုးရေးမုန်တီး မဟုတ် အကြောက်တရားနဲ့ငုံ့ခံမှာ မဟုတ် စိတ်ခံစားမှုအလျောက် ရမ်းသမ်းမှာ မဟုတ် ဉာဏ်ပညာ သတ္တိနဲ့ တုန့်ပြန်မှာ ဖြစ်တယ်။ နောက်ဆုံးပြောချင်တာက ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ပြီး အင်အားကြီးနိုင်ငံအနေနဲ့သူတို့စကားတွေ ဘယ်လိုပင် အဓိပ္ပာယ်နှစ်ခွ ယူသော်ရ၏တွေပြောပြောမြန်မာပြည်သူတွေက ရှင်းပြတ်စကားပဲ ရှိတယ်။ အနိုင်ကျင့်ဗိုလ်ကျမှုမှန်ရင် ဘယ်အင်အားကြီးကိုမှ အညံ့ခံမှာမဟုတ် အထူးသဖြင့် အသက်သွေးများစွာအရင်းပြုထားတဲ့တော်လှန်ရေးကို ပန်းဝင်ခါနီးမှာ ဘယ်ခြိမ်းခြာက်မှုအတွက်မှ အပျက်ခံမှာ မဟုတ် ဆိုတာပါပဲ” ဟုလည်း ဦးမင်းကိုနိုင်က ပြောကြားသည်။

” တရုတ်နိုင်ငံအစိုးရအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းပေါ့ဗျာ တရုတ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နယ်မြေဒေသမှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးဆိုတဲ့ဟာတွေကို တောက်လျှောက် ဖိအားပေးလာတဲ့ ကိစ္စတွေ၊ အကြပ်ကိုင်လာတဲ့ကိစ္စတွေက ကျနော်တို့ ဒါကြားနေရတဲ့ ကိစ္စပေါ့နော်။ ပြောချင်တာက ဒါသည်မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကိုလုံးလုံးလျားလျားတရုတ်အနေနဲ့ လစ်လျူရှု့လိုက်တာ၊ပြစ်ပယ်လိုက်တာလို့ပဲ ပြောချင်ပါတယ် ခင်ဗျ။ ယနေ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် မြန်မာပြည်သူအားလုံးက ဆင်နွှဲနေကြတဲ့ ခုခံ၊တွန်းလှန်စစ်ဆိုတာ ကျနော်တို့ တရားမမျှတဲ့စစ်၊ ဆွဲကိုင်ရင်ဆိုင်ရမယ့် ခုခံစစ်အနေနဲ့ ကျနော်တို့က ဆင်နွှဲနေကြခြင်း ဖြစ်ပါတယ်။ ပြောချင်တာကတော့ဗျာ ကျနော်တို့ မြန်မာပြည်သူတွေဟာ အကြောင်းမဲ့ သွေစာလို့ ရန်လိုလို့ ၊လူသတ်ချင်နေလို့၊ အကြမ်းဖက်ချင်နေလို့ လက်နက်ကိုင်နေတာ မဟုတ်ဘူး။ တရားမမျှတဲ့ခုခံစစ်ကို ကျနော်တို့ ဆွဲကိုင်ဆင်နွှဲနေကြခြင်း ဖြစ်ပါတယ်”ဟု လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း သမိုင်းကြောင်းပြန်ကြည့်ပါက ကျူးကျော်လာသည့် ဖက်ဆစ်ဂျပန်တပ်အား လက်နက်ကိုင်ခုခံခဲ့ခြင်းဟု ဒေါက်တာတေဇာစန်းက ထောက်ပြသည်။

” ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးကြီးမှာ ခုခံဆင်နွှဲနေကြတယ်ဆိုတာ မဖြစ်မနေသမိုင်းရဲ့ ပေးထားချက်အရ မလွှဲမရှောင်သာ တိုင်းရင်းသားပြည်သူလူထုက ဆင်နွှဲနေကြတာဖြစ်တယ်။ TNLA အပါအဝင်ပေါ့ဗျာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို အမြန်ဆုံးအပစ်ခတ်ရပ်စဲကြဖို့ဆိုပြီး ဖိအားပေးအကြပ်ကိုင်နေတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စ၊ မလုပ်သင့်တဲ့ ကိစ္စလို့ မှတ်ချက်ပြုချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုင်းရင်းသားပြည်သူလူထုက တော်လှန်ရေးခရီးလမ်းကြောင်းအား ဆက်လက်ချီတက် လျှောက်လှမ်းမည်ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။

“တရုတ် – မြန်မာချစ်ကြည်ရေးပေါက်ဖော် နှစ်နိုင်ငံကြားမှာတည်ဆောက်ချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံက ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရစနစ်တည်ဆောက်နိုင်မှသာလျှင်ဖြစ်ပါလိမ့်မယ်။ မင်းအောင်လှိုင်လိုပေါ့ စစ်အာဏာရှင်သက်ဆိုးရှည်နေသ၍ တရုတ်-မြန်မာချစ်ကြည်ရေးဘယ်တော့မှမရဘူးဆိုတာ ထပ်လောင်းပြီးတော့ ပြောချင်ပါ”ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံက နယ်စပ်ဂိတ်​ပေါက်များကို ပိတ်ထားပြီး ​ဆေးဝါးများဝယ်ယူတင်သွင်းမှုကိုပါခွင့်မပြု​တော့သဖြင့် တရုတ်မှတင်သွင်း၍ အဓိက အသုံးပြု​နေရ​သော ​ဆေးဝါးများပါ ပြတ်လတ်လာပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း ​ရှမ်းပြည်နယ်​မြောက်ပိုင်းမှ ဒေသခံပြည်သူများကပြောသည်။

သတင်း

တိုင်းရင်းသားတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့အားလုံးနှင့်အတူတသားတည်း ရပ်တည်ကြောင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ကမ်းခြေစောင့်လှေနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား အပြန်အလှန် စွပ်စွဲ ရှုတ်ချထားကြပါတယ်။

Facebook