စောနွေဦး/People’s Spring
စစ်ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။
စစ်ကောင်စီ၏နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက စက်တင်ဘာ ၁ ရက်ကစတင်ပြီး ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟု မူဝါဒပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်သည်။
ထိုကြောင့် ၂၀၂၃အောက်တိုဘာတွင် ဆေးကုမ္ပဏီ ၁၁၆ခု ကလျှောက်လွှာတင်ခဲ့သည်ဒေါ်လာ ၁၀၃ သန်းကျော်တန်ဖိုးရှိသည့် လိုင်စင်လျှောက်လွှာ ၇၁၆ စောင်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
ထိုကြောင့် ဆေးဝါးကုမ္ပဏီများအနေဖြင့် ဆေးဝါးတင်သွင်းလို့ပါက လိုင်စင်အသစ်ပြန်လည်လျှောက်ထားရမည်ဟု စစ်ကောင်စီကုန်သွယ်ရေးဦးစီးဌာနက ဆေးကုမ္ပဏီများကို အကြောင်းကြားထားကြောင်းသိရသည်။ ပြန်လည်လျှောက်ထားရာတွင်လည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ခွင့်ပြုချက်ရမှာသာ လိုင်စင်ထုတ်ပေးမည်ဟုဆိုသည်။
“ဒေါ်လာလိုအပ်ချက်များနေလို့ မူဝါဒကို ခဏခဏပြောင်းနေတာပါ။အခုကန့်သတ်ချက်က ဆေးဝါးတွေ ရှေလျှောက်ဝယ်ယူဖို့ခက်ခဲသွားလိမ့်မယ်”ဟု ဆေးကုမ္ပဏီတစ်ခုမှ မန်းနေဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။
နိုင်ငံခြားငွေသုံးငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီက ဆေးဝါးတင်သွင်းမှုကို တရစ်ခြင်းကန့်သတ်နေပြီး ယခုအခါဆေးဝါးတင်သွင်းမှုကို အကြီး အကျယ်ထပ်မံကန့်သတ်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”ဟု စစ်ကောင်စီ၏ ကြေညာချက်အပေါ်. ဆေးဝါးတင်သွင်းရောင်းချမှုလုပ်ငန်းစဥ်ကိုနားလည်သော ဆေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီက ဆေးဝါးတင်သွင်းမှုကို ပိုမိုတင်းကြပ်သဖြင့် ပြည်တွင်းဆေးဝါးပြတ် လပ်မှု ပိုမိုးဆိုးရွားလာပြီး ဈေးများထိုးတက်ကုန်၍ လုပ်ငန်းရပ်တည်ရန်ခက်ခဲလာသဖြင့် အရောင်းပိတ်လိုက်ရသည့် ဆေးဆိုင်များပိုများလာကြောင်း ဆေးဆိုပိုင်ရှင်ဟောင်းအချို့က ပြောသည်။