ဟန်နွေ/People’s Spring
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပိုင်းရှိ အနန်းကွင်းဗျူဟာစခန်းသိမ်းပိုက်နိုင်ရေး စစ်ကောင်စီကို ဆက်လက်ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိဟု တိုက်ပွဲဝင်နေသည့် မြေပြင်တပ်မှူးတစ်ဦးက ပြောပြသည်။
ခန့်မှန်းအင်အား ၁၅၀ခန့်ရှိသည့် အဆိုပါ ဗျူဟာစခန်းကို KNLA ၊ နဂါးနီစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေသည်မှာ ၁လခန့်ကြာပြီဖြစ်သည်။
” လောလောဆယ် စခန်းပတ်ချာလည် တော်လှန်ရေးအင်အားစုတွေက ဝိုင်းရံပိတ်ဆို့ထားပါတယ်။အပြန်အလှန်(ပစ်ခတ်မှု)ကတော့ ပုံသေမရှိဘူး။ ဒရုန်းချတာကတော့ နေ့ည အဆက်မပြတ်ပါပဲ ။ အနားမပေးဘူး”ဟု အနန်းကွင်းစစ်ဆင်ရေးတွင်ပါဝင်နေသည့် မြေပြင်တပ်မှူးတစ်ဦးက ယနေ့ စက်တင်ဘာ ၅ရက်တွင် ပြောပြသည်။
စခန်းသိမ်းနိုင်မည့် အချိန်ကို အတိအကျမပြောနိုင်သော်လည်း စခန်းသိမ်းနိုင်မည့်အခြေအနေရှိဟု ပြောသည်။
” စခန်းက ရမှာပါ။ ရန်သူလည်း ပင်ပန်းနေပြီ”ဟု စစ်မြေပြင်တပ်မှူးက ပြောသည်။
စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုအချို့ရှိသည်ဟုလည်း ပြောပြသည်။
ဩဂုတ်နောက်ဆုံးပတ်ကလည်း အနန်းကွင်းတိုက်ပွဲသို့ စစ်ကူတက်လာသည့် စစ်ကောင်စီ၏ ခမရ(၅၈၃)နှင့် (၅၈၇)စစ်ကြောင်းကို နဂါးနီစစ်ကြောင်းနှင့် KNLA တပ်များက တိုက်ခိုက်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက အသိပေးထားသည်။
ထို့အပြင် မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်းအမြောက်တပ်ဗျူဟာကုန်းကိုလည်း ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်။