close
Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဖမ်းမိစစ်သုံ့ပန်းများအပါအဝင် အကျဉ်းသား ၅၀ကျော် သေဆုံး

ဝေသာလီရွာရှိ UN အဆောက်အအုံလည်း လေကြောင်းတိုက်ခိုက်ခံရဟု AAထုတ်ပြန်

မောင်တောမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - AA

ဟန်နွေ/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(စက်တင်ဘာ ၉ရက်)တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် အကျဉ်းသား ၅၀ကျော် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၉ ရက်၊ ည ၉နာရီခွဲတွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂စီးဖြင့် လေကြောင်း တိုက်ခိုက်လာ၍ မောင်တောမြို့ လေးမိုင်(နခခ-၂)စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်းနှင့် အရပ်သား အကျဉ်းသားများ သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ သေဆုံးသူများထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့ လေ့ကျင့်ထားသည့် သတင်းပေးများ၊ ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသူများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူအချို့ ပါဝင်သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသား ၅၀ကျော်သည် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင်ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့အတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများစွာ ဆက်ရှိနေသည်ဟု AAက ထုတ်ပြန်သည်။

နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၂)တိုက်ခိုက်ပြီးနောက် စစ်ကောင်စီသည် ယမန်နေ့ညပိုင်း၌ပင် မောင်တောမြို့၊ (၃)မိုင်နှင့် ဝေသာလီရွာအတွင်းရှိ UN အဆောက်အအုံတို့အား လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

မောင်တောမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ – AA

စစ်ကောင်စီတိုက်ခိုက်ခဲ့သည့် နခခ-၂ တပ်စခန်းသည် AAက ဇူလိုင် ၆ရက်တွင် အပြီးသတ် သိမ်းပိုက်ထားသည့် စခန်းဖြစ်သည်။

စက်တင်ဘာ ၈ရက်ကလည်း ရက္ခိုင်ပြည်နယ် ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ အရာရှိ စစ်သုံ့ပန်းအပါအဝင် AA ဖမ်းဆီးထားသည့် အကျဉ်းသားများ၊ အရပ်သားများ စုစုပေါင်း ၁၇ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

“သူတို့ကကြည်းတပ်ကိုလည်း အသုံးမပြုနိုင်တော့ဘူးဆိုတဲ့အခါ ရေတပ်ကလည်း သိပ်ပြီး အလုပ်မဖြစ်တော့ဘူး။ အဲဒီလေတပ်တစ်ခုပဲ လေယာဉ်နဲ့လာလိုက် ဗုံးကြဲလိုက်၊ ဂျက်ဖိုက်တာနဲ့လာလိုက် အဲဒါမိုးပဲ လုပ်နေတာတွေ့တယ်”ဟု ရခိုင်ပြည်နယ် မြေပုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု နှင့်ပတ်သက်ပြီး ပြောသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူများထဲတွင် အရပ်သား သေဆုံးမှု ပိုများကြောင်းလည်း ၎င်းက ဆိုသည်။

“ကျနော်တို့ ရက္ခိုင်မှာကို တမြို့မှကို သူတို့ ပြန်တိုက်လို့ရတာမရှိဘူး။ သူတို့ တပ်စခန်းတွေလည်းမရှိတော့ဘူးပေါ့။ အကုန်လုံးမြန်မာစစ်တပ်ကင်းစင်နယ်မြေ တဖြေးဖြေးဖြစ်လာပြီ။ အဲဒါကို သူတို့ ဘယ်လို လုပ်တိုက်မလဲဆိုတော့ အဲဒီ တနည်းပဲရှိတာပေါ့ လေယာဉ်နဲ့လာပြီး ဗုံးကြဲတာ”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိရာ လေကြောင်းအန္တရာယ် ပိုမိုသတိထားရန် AAက သတိပေးသည်။

လူနေထူထပ်သောနေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိ၍ အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် ထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်းတွင်းမြစ်ကမ်းဘေးက ရွာတန်းရှည် မတောရွာဟာ ဇွန်လ ၃ရက်နေ့ နံနက် ၁၀နာရီ ၁၃ မိနစ်မတိုင်ခင်အထိ သာသာယာယာရှိနေပါတယ်။ရွှေမန်းတင်မောင်ရဲ့ "အောင်ပါစေ" သီချင်းဟာ ရွာနီးရိုးချုပ်စပ်မှာ လှိုင်ထွက်နေပါတယ်။ ရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို ရွာဓလေ့အတိုင်း ကျင်းပနေတာပါ။

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံ ပြည်သူ ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံ အချို့ထံကသိရပါတယ်။

သတင်း

မန္တလေးမြို့ရှိ မြို့နယ်‌ခြောက်ခုတွင် စစ်ကောင်စီက လမ်းဘေးစျေးသည်များအား စတင်ရှင်းလင်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျုံခဝန်ရွာကို စက်တင်ဘာ ၉ ရက် က လူအများအိပ်မောကျနေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ဦီးအပါအဝင် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

Facebook