ဟန်နွေ/People’s Spring
ကော်သူးလေနှင့် မြန်မာတစ်ပြည်လုံးရှိတိုင်းသူပြည်သားများ စစ်မှန်သောဒီမိုကရေစီစနစ်ကို အပြည့်အဝ ခံစားခွင့်ရရှိရန် စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ရာတွင် ဆက်လက်ပြီး ခိုင်မြဲစွာ လက်တွဲလုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၁၅ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် သတင်းထုတ်ပြန်သည်။
KNUမှ ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဥ်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် ကော်သူးလေရှိ မတူကွဲပြားသောတိုင်းရင်းသားညီကိုများ၊ တော်လှန်ရေးမိတ်ဖက်များနှင့် အတူ လက်တွဲလုပ်ဆောင်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားကို ယမန်နေ့က အွန်လိုင်းမှတဆင့် ကျင်းပခဲ့ရာ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဒီမိုကရေစီနစ်ကို အခြေခံပြီးဖက်ဒရယ်ပြည်ထောင်စုကိုစနစ်သစ်ဖြင့် တည်ဆောက်သွားမည်ဆိုသည်ကို ရှင်းလင်းစွာ ပြောထားပြီးဖြစ်ကြောင်း ပြောကြားသည်။
” စနစ်သစ်ကို တည်ဆောက်နိုင်ဖို့စဉ်းစားရာမှာ ကာလရှည်ဖြစ်တည်ခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေကိုဖြေရှင်းဖို့က အဓိက အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်တာကြောင့် နားလည်မှုရှိရှိ သဘောထားကြီးကြီးနဲ့ မူဝါဒနည်းစနစ်ကို အခြေခံပြီးစုပေါင်း အဖြေရှာသွားကြရမှာဖြစ်ပါတယ်။ ဒီတော်လှန်ရေးကာလမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေ နိုင်ငံတော်သစ်ကို စနစ်သစ် နဲ့ တည်ဆောက်သွားနိုင်ဖို့ အင်အားစု အချင်းချင်းကြား ဆွေးနွေးဖလှယ်ခဲ့ကြတာ ရှိသလို ထပ်မံ ဆွေးနွေးဖလှယ်ကြရမယ့်ကိစ္စရပ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်”ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။
မြေပြင်၌ စစ်ရှုံးနေသည့် အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်သည် မြေပြင်၊ ဝေဟင် နှစ်မျိုးစလုံးဖြင့် အကြမ်းဖက်မှုများ တိုးချဲ့လုပ်ဆောင်နေသကဲ့သို့ အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ဖြင့် နိုင်ငံရေးထွက်အောင် ရအောင် လုပ်ဆောင်နေခြင်းကြောင့် ပြည်သူလူထုနှင့်တော်လှန်ရေး အင်အားစုများ အနေဖြင့် သတိကြီးစွာ ပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်ကြောင်းလည်း ဦးအောင်ကြည်ညွန့်က ပြောကြားသည်။