close
Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်မြို့ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ တရားမျှတမှုရအောင် ကြိုးစားမည်ဟု ကလေးငယ်၏မိခင်ဖြစ်သူပြော

လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သော CDM တွဲဖက်ပါမောက္ခတစ်ဦး၏ အသက် ၅နှစ်အရွယ် သမီးငယ်တစ်ဦးအပေါ် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းအမြတ်ထုတ်မှုနှင့် အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစု(အမည်လွှဲ)က People’s Spring လူထုနွေဦးသို့ ပြောသည်။

ဦးအောင်မင်းကို ၂၀၂၃ ခုနှစ် မေလတွင် NUG ကဖမ်းဆီးမိခဲ့စဥ်။ ဓါတ်ပုံ- CJ

NUG က ဦးအောင်မင်းဆိုသူကို တရားခံပြေးမှုဖြင့် အမှုဖွင့်ထားကာဖမ်းဝရမ်းထုတ်ထား

ဦးအောင်မင်းသည် လွန်ခဲ့သည့် ၁နှစ်ခွဲခန့်ကတည်းက NUG ထိန်းသိမ်းထားစဥ် ထွက်ပြေးလွတ်မြောက်​နေ

အီယိုရီ/People’s Spring

လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သော CDM တွဲဖက်ပါမောက္ခတစ်ဦး၏ အသက် ၅နှစ်အရွယ် သမီးငယ်တစ်ဦးအပေါ် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းအမြတ်ထုတ်မှုနှင့် အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစု(အမည်လွှဲ)က People’s Spring လူထုနွေဦးသို့ ပြောသည်။

အထက်ပါအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကိုင်တွယ်နေပြီး ကလေးမြို့နယ်၊ တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားခံပြေးမှု ဖွင့်လှစ်ထားကာ တရားခံပြေးဦးအောင်မင်းကို ဖမ်းဝရမ်းထုတ်ထားကြောင်း NUG တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးဂျိုးဇက်က စက်တင်ဘာ၁၁ ရက်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“လက်ရှိ မဲဆောက် ကလေးသူငယ်မုဒိမ်းမှုကတော့ ကလေးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ တရားစွဲဆိုထားတာက ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားခံပြေးမှု ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၁ အရ တရားခံပြေးမှု၊ တရားခံကို ဖမ်းဆီးရမိခြင်း မရှိတဲ့အခါမှာ သူ့ရဲ့ စွဲဆိုတဲ့ပုဒ်မနဲ့ ပူးတွဲပြီး တရားခံပြေးမှု ဖွင့်လှစ်တာဖြစ်ပါတယ်။ လက်ရှိတရားခံကို ကျွန်တော်တို့ ဖမ်းဝရမ်းထုတ်ထားပါတယ်” ဟု ဦးဂျိုးဇက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် NUG သတင်းစာရှင်းလင်းပွဲတွင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နှင့် တရားရေးဝန်ကြီး ဦးသိန်းဦးတို့က မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှု နှင့် ပတ်သက်၍ ဆောင်ရွက်ထားသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

သို့သော် သတင်းစာရှင်းလင်းပွဲတွင် အမှုနှင့်ပတ်သက်၍ NUG ဝန်ကြီးများ၏ ပြောဆိုချက်အများစုသည် မှန်ကန်ခြင်းမရှိကြောင်း ဒေါက်တာစုက ပြောသည်။ ဒေါက်တာစု(အမည်လွှဲ)သည် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ရန်ကုန်တက္ကသိုလ်မှ CDM ပြုလုပ်ခဲ့သူ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည်။ ဒေါက်တာစု၏ အသက် ၅နှစ်အရွယ် သမီးငယ်ကို အဓမ္မပြုကျင့်သည်ဆိုသော အသက် ၆၀ အရွယ် ဦးအောင်မင်းသည် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။

“ကျွန်မ အားကိုးခဲ့တဲ့ကျွန်မတို့အစိုးရလေ။ ဒါပေမဲ့ သူတို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြနေတဲ့အချက်အလက်တွေက မမှန်ကန်တာတွေ များတော့ ကျွန်မရင်ထဲမှာ ပူပူလောင်လောင် တင်းတင်းဆို့ဆို့ကြီးနဲ့ နေလို့ထိုင်လို့မကောင်းတောင် ဖြစ်ခဲ့ရပါတယ်။ ဥပမာ တရားရေးဝန်ကြီး ဦးသိန်းဦး ပြောကြားသွားတဲ့အချက်တွေ။ ကျွန်မနဲ့ ဆရာဦးသိန်းဦးသည် တိုက်ရိုက်လုံးဝလုံးဝအဆက်အသွယ်မရှိခဲ့ပါဘူး။ ဒီနေ့အထိ မရှိခဲ့ပါဘူး” ဟု ဒေါက်တာစုက ပြောသည်။

အထက်ပါအမှုကိစ္စစတင်ဖြစ်ပွားချိန်က NUG ဝန်ကြီးနော်စူစန်နာလှလှစိုးသည် အားတက်သရောပါဝင်ကူညီခဲ့ပြီး နောက်ပိုင်းတွင် ဒုဝန်ကြီးဖြစ်သူ ဒေါ်အိသဥ္ဇာမောင်ကို လွှဲအပ်သွားကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။ ဝန်ကြီးနော်စူစန်နာလှလှစိုးကလည်း ကလေးငယ်၏ ကျန်းမာရေးအတွက် ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး လုံခြုံရေးအတွက် နေရာရွှေ့ပြောင်းခြင်းကိုလည်း ၎င်း၏ဝန်ကြီးဌာန ဝန်ထမ်းများက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ထို့အပြင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ကလေးငယ်နှင့် ကလေးမိခင်တို့အတွက် စိတ်ပိုင်းဆိုင်ရာဆွေးနွေးလမ်းညွှန်မှု(mental counselling)ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးနော်စူစန်နာလှလှစိုးက ရှင်းပြသည်။

ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၏ ရှင်းလင်းပြောကြားမှုတွင် ၎င်းတို့အနေဖြင့် အမှုနှင့်ပတ်သက်၍ ‘တတ်နိုင်သလောက်’ တရားမျှတမှုရှာဖွေရန် ကြိုးစားခဲ့ပြီး ထိုင်းနိုင်ငံတွင် ဖြစ်ပွားသည့်အမှုဖြစ်၍ လုပ်ထုံးလုပ်နည်း အားနည်းချက်များ၊​အခက်အခဲများရှိကြောင်း ဝန်ခံခဲ့သည်။

NUG က​လေးမြို့နယ် တရားရုံး၏ ဝရမ်းစာ ။ ဓါတ်ပုံ- CJ

“ဒီလိုအခြေအနေမျိုးမှာ ဥပဒေကိုအကောင်အထည်ဖော်ရတဲ့အခါမှာ တော်တော်လေး အခက်အခဲရှိပါတယ်။ ဒီလိုအခက်အခဲရှိတဲ့ကြားထဲကပဲ အမျိုးသမီးနဲ့ ကလေးသူငယ်ဝန်ကြီးဌာနဘက်က ဆရာမစူစန်နာစိုးတို့ရော အခြားအဖွဲ့အစည်းတွေရဲ့ အားထုတ်မှုတွေနဲ့ ကျွန်တော်တို့ ပေါင်းစပ်ပြီးတော့ တတ်နိုင်သလောက်ပေါ့နော် တရားမျှတမှုကို ရှာဖွေနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီလိုကြိုးစားတဲ့အခါမှာလည်း လုပ်ရကိုင်ရခက်တဲ့အခြေအနေဖြစ်တယ်။ နောက်ပြီး ဒီလိုမျိုးကိစ္စရပ်တွေက အမှုအခင်းဖြစ်ပွားရာနေရာ ဒေသအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က အမှုအနေနဲ့ ဖွင့်ထားလို့ ရပေမယ့် အဲ့နေရာဒေသမှာ တရားရုံးဖွင့်လှစ်ဆောင်ရွက်လို့ရတဲ့ အခြေအနေမျိုးတွေ မဟုတ်ခဲ့ကြဘူး” ဟု NUG ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ဆက်လက်ပြီး ၎င်းက “သို့သော်လည်းပဲတတ်နိုင်သလောက် တရားမျှတမှုဖော်ဆောင်ပေးဖို့ ဝန်ကြီးဌာနတွေလည်း ပူးပေါင်း ဆောင်ရွက်ကြတယ်။ ထို့အတူတူပဲ တရားလိုနဲ့ သံသယတရားခံကြားထဲမှာလည်း နှစ်ဖက်အဖွဲ့တွေလည်း ရှိကြပါတယ်။ နှစ်ဖက်အဖွဲ့ ဖိအား၊​တွန်းအားတွေ ကြားထဲမှာ ကျွန်တော်တို့ အမှုကို ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးစားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကြိုးစားခဲ့ရတာတွေ ရှိတယ်။ အဲဒီလို ကြိုးစားမှုတွေကြား ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့မှာ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေ ဖြစ်ခဲ့တာတွေ ရှိတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အမှုဖြစ်ပွားပြီးနောက် သံသယတရားခံ ဦးအောင်မင်းဆိုသူကို မဲဆောက်မြို့၌ ဖမ်းဆီးကာ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေသို့ ပို့ဆောင်ကာ တရားစီရင်နိုင်ရေး ကနဦးပြုလုပ်ခဲ့သော်လည်း NUG ပြည်ထဲရေးက တရားစီရင်မည်ဆိုကာ မဲဆောက်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း ယင်းအမှုကို လိုက်ပါကူညီဆောင်ရွက်နေသူအချို့က ပြောသည်။ သို့သော် NUG ပြည်ထဲရေးက မဲဆောက်မြို့ တနေရာတွင် ထိန်းသိမ်းထားချိန် ဦးအောင်မင်းမှာ ၎င်းကိုထိန်းသိမ်းထားသည့်နေရာမှ အနီးနားရှိ စက်ဘီးတစ်စီးကို ခိုးယူသွားကာ ထွက်ပြေးသွားခဲ့သည်။

“သံသယတရားခံက NUG ထိန်းသိမ်းထားတဲ့ဆီကနေ ပြန်ထွက်ပြေးသွားပြီးတော့ တရားခံက အဲဒီမှာ NUG လက်ထဲကနေ ပျောက်သွားတယ်။ ဘယ်လိုလုံခြုံရေးအခြေအနေကြောင့် ဘယ်လိုပျောက်သွားလဲဆိုတာ လက်ရှိအချိန်အထိ ဖြေကြားတာ မရှိဘူး” ဟု အမှုကို လိုက်ပါကူညီဆောင်ရွက်နေသူ မထိပ်ထားက ပြောသည်။

သံသယတရားခံဦးအောင်မင်းသည် ၂၀၂၃ မေလကတည်းက NUG ထိန်းသိမ်းထားရာနေရာမှ ထွက်ပြေးသွားကာ လက်ရှိအချိန် ပျောက်နေဆဲဖြစ်သည်။

NUG တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးဂျိုးဇက်က ဖမ်းဝရမ်းထုတ်ခံထားရသူ ဦးအောင်မင်းကို လတ်တလောတွင် နိုင်ငံဖြတ်ကျော်ဖမ်းဆီးရန် မဖြစ်နိုင်ဘဲ NUG စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မည်သည့်နေရာ လာရောက်သည်ဖြစ်စေဖမ်းဆီးနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ၌​ ပြောသည်။

“ကျွန်တော်တို့ နိုင်ငံကျော်ပြီးလည်း သူတို့ကို ဖမ်းဆီးဖို့အတွက်က လတ်တလောမှာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့က။ ဒါကြောင့် သူ မြန်မာပြည်ရဲ့ NUG စိုးမိုးထိန်းချုပ်နယ်မြေအတွင်း ဘယ်နေရာမှ လာတာနဲ့ ကျွန်တော်တို့ ဖမ်းလိုက်လို့ရပါတယ်။ ဒါက ဖမ်းဝရမ်းအတည်ပြုဖို့ လုပ်နိုင်ပါတယ်” ဟု ဦးဂျိုးဇက်က ဆိုသည်။

အမှုနှင့်ပတ်သက်၍ NUG တွင် မရေရာ မသေချာသည့် သတင်းအချက်အလက်များသာ ရှိနေပြီး တော်လှန်ရေးကာလတွင် တော်လှန်ရေးလုပ်ဆောင်နေရ၍ဟူသော အကြောင်းပြချက်ဖြင့် သက်ငယ်မုဒိမ်းမှုကို လျစ်လျူရှုထားသည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေသူ မထိပ်ထားက ပြောသည်။

“အဆိုးဆုံးစကားကတော့ အစိုးရတစ်ရပ်သည် ပြည်တော်ပြန်မှသာ ဒီအမှုတွေ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုတဲ့ ပုံစံမျိုး ပြောသွားတယ်။ ပြည်တော်ပြန်မယ်ဆိုတဲ့ ကိစ္စက တော်လှန်ရေး ဘယ်တော့ပြီးမလဲ ကျွန်တော်တို့မှ မသိနိုင်တာ” ဟု ၎င်းက ဆက်ပြောသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစုကလည်း “NUG မှာ သက်ဆိုင်ရာ ဒီအမှုနဲ့ပတ်သက်တဲ့ သူတွေဟာ တကယ့်ကိုပဲ စကားပြောတဲ့အခါမှာ စဥ်းစဥ်းစားစားနဲ့ ပြောဆိုစေချင်ပါတယ်။ ကျွန်မတကယ်ကိုပဲမေးခွန်းပြန်ထုတ်ချင်ပါတယ်။ ကျွန်မရဲ့ ဒီကလေး အမှုကိစ္စအတွက် တကယ့်ကိုပဲ သူတို့စိတ်ဝင်တစားရှိရဲ့လား၊ အာရုံစူးစိုက်ရဲ့လားလို့ မေးခွန်းကို ပြန်ထုတ်ချင်ပါတယ်” ဟု People’s Spring သို့ ပြောသည်။

NUG သတင်းစာရှင်းလင်းပွဲကို ကြည့်ရှုနားထောင်ပြီးချိန်တွင် NUG က အမှုအတွက် တရားမျှတမှုရှာဖွေပေးနိုင်လိမ့်မည်ဟု မယုံကြည်တော့ကြောင်း နှင့် NUG အပေါ် ယုံကြည်လေးစားမှုကို ရိုက်ချိုးသကဲ့သို့ဖြစ်ကြောင်း ဒေါက်တာဘွဲ့ရ CDM တွဲဖက်ပါမောက္ခဖြစ်သူ ကလေးမိခင်က ပြောသည်။

“သတင်းစာရှင်းလင်းပွဲ ပြီးတဲ့အခါNUG ရဲ့ တရားမျှတမှုကို ရှာဖွေပေးနိုင်လိမ့်မယ်ဆိုတာက လုံးဝမဖြစ်နိုင်တော့ပါဘူး။ ကျွန်မယုံကြည်ထားခဲ့သမျှ၊ ကျွန်မလေးစားခဲ့သမျှတွေဟာ ဒီသတင်းစာရှင်းလင်းပွဲနောက်ပိုင်းမှာ ကျွန်မရဲ့ ယုံကြည်လေးစားမှုကို ရိုက်ချိုးလိုက်သလို လုံးဝဖြစ်သွားတဲ့အတွက်ကြောင့်မို့ပါ” ဟု ဒေါက်တာစုက ပြောသည်။

သို့သော် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစုနှင့် အမှုကိုလိုက်ပါကူညီဆောင်ရွက်နေသူများက တရားမျှတမှုရရှိအောင် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောသည်။

“ဒီတရားမျှတမှုအတွက် ရအောင်ကို ယူမှာ။ ဒါသည် သမီးလေးရော၊ သမီးလေးတို့ရဲ့ ကလေးတွေ ဘဝမှာရော လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် တကယ့်ကို နေထိုင်နိုင်ဖို့အတွက် ဒါ စံပြလည်းဖြစ်တယ်။ ကျွန်မဘယ်တော့မှ မလျှော့ဘူးဆိုတာကို ကျွန်မ ပြောခဲ့ပြီးသားပါ။ ဒါကြောင့် ကျွန်မဟာ ဒီတရားမျှတမှုကို ရဖို့အတွက် တရားဥပဒေဘောင်အတွင်းကနေ ရတဲ့အထိ ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကလေးမိခင်ဒေါက်တာစုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မသမာသူများက PDFနှင့် ပကဖအမည်အလွဲသုံးပြီး ဆက်ကြေးတောင်းခံမှုများရှိနေ၍ ငွေညှစ်သည့်စာများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

သတင်း

မြို့နယ်တစ်ခုတွင်ပအဖတစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားကာ စစ်ဆေးမှုများပြုလုပ်နေဟုဝန်ကြီး​ပြော

သတင်း

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၌ အသတ်ခံခဲ့သည့်ဖြစ်စဥ်အား လူသတ်မှုအဖြစ် အမှုဖွင့်ထားပြီး တရားခံဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

Trending

Facebook