ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်းတည်းကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများတိမ်းရှောင်နေ၍ လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(စက်တင်ဘာ ၂၉ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ပင်းတည်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများမရှိ၍ လူထိခိုက်မှုမရှိသော်လည်းနေအိမ် လေးလုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပြည်သူထိခိုက်မှု မရှိတာ ရွာထဲလူမနေတာ တစ်နှစ်ကျော်ပြီ။ အဲဒါကြောင့် အထိအခိုက်မရှိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာ ၂၇ ရက် ကလည်း ကန့်ဘလူမြို့နယ် သီရိမွန်ကျေးရွာအား နေ့လယ် ၂ နာရီခွဲခန့်တွင် တစ်ကြိမ်၊ သီရိမွန်ရွာနှင့် မေတ္တာမွန်ကျေးရွာကြားအား ညနေ ၅နာရီခွဲခန့်တွင်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့သည်။
စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ ရေရှင်ကြီးရွာအား ဒရုန်းဖြင့် ဗုံးသီး၃ လုံးချ တိုက်ခိုက်ခဲ့ရာ ရေရှင်ကြီးရွာမှ အမျိုးသား၄ ဦးနှင့် အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောက်မြောင်းဘက်မှ ခရီးသွားပြည်သူ ဦးခင်ဆွေဆိုသူလည်း သေဆုံးခဲ့သည်။
တချိန်တည်းမှာပင် အောင်တိုင်းလယ်ကျေးရွာကိုပါ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အသက်၅၀ ကျော်အရွယ် ဒေါ်ရွှေဆိုသူ ထိမှန်သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ရာ မုန်နီပင်ရွာနေ ညီအမနှစ်ဦးဖြစ်သည့် အသက် (၃၅)နှစ်အရွယ် မအိအိခိုင်၊အသက် (၂၅)အရွယ် မအိအိနိုင်၊ အသက် (၅၀)အရွယ်ဒေါ်လှော်နှင့် အသက် (၅)နှစ်အရွယ် မဖူးဝေတို့ သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စံပါယ်နံ့သာ အနီးတဝိုက်ရှိ ကျေးရွာများလည်း အရေးပေါ်ရှောင်တိမ်းနေရကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကိုသာ ပစ်မှတ်ထား၍ ရွာစဉ်လှည့် ကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောသည်။