close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်မှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြေပြင်ထိုးစစ်အတွက် ကြိုပြင်နေတာလို့ အစ္စရေး စစ်တပ် အကြီးအကဲပြော

လက်ဘနွန်မှာ လက်ရှိ အရှိန်မြှင့် လုပ်ဆောင်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ မြေပြင်ထိုးစစ် မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်တယ်လို့ အစ္စရေး စစ်တပ် အကြီးအကဲက ပြောကြားသွားပါတယ်။

အစ္စရေး မြေပြင်တပ်တွေ ရန်သူ့ နယ်မြေထဲကို မဝင်ခင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လမ်းရှင်းနေတာ ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလီဗီက ပြောပါတယ်။ အစ္စရေးဟာ အခုသီတင်းပတ် အစောပိုင်းကစပြီး လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဟစ်ဇ်ဘိုလာရဲ့ စစ်ရေးပစ်မှတ်တွေကို အရှိန်အဟုန်မြှင့်ပြီး ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်ထိ ၃ ရက်တာအတွင်း လက်ဘနွန်မှာရှိတဲ့ ပစ်မှတ်ပေါင်း ၂၀၀၀ ကျော်ကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့လည်း အစ္စရေး စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဟာလီဗီက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ရန်သူရဲ့ ရိက္ခာနဲ့ လက်နက် သိုလှောင်ရုံတွေ၊ ဒုံးကျည်ပစ်စင်တွေကို အဓိက ပစ်မှတ်ထား ချေမှုန်းနေတာ ဖြစ်တယ်လို့လည်း လက်ဘနွန်နဲ့ ထိစပ်နေရာ အစ္စရေးမြောက်ပိုင်း နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်နေတဲ့ တပ်မဟာ ၇ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားသွားပါတယ်။

အစ္စရေးရဲ့ ရည်ရွယ်ချက်က အရမ်းရှင်းလင်းကြောင်း၊ အစ္စရေး မြောက်ပိုင်းက ဒေသခံတွေ အန္တရာယ် ကင်းကင်းနဲ့ နေရပ်ပြန်နိုင်စေရေးကို ရည်ရွယ်ကြောင်း၊ အဲဒီအတွက် လိုအပ်တဲ့ အခင်းအကျင်းတွေကို အစ္စရေး စစ်တပ်က ပြင်ဆင်နေပြီး အစ္စရေး စစ်သည်တွေဟာ ရန်သူ့နယ်မြေထဲ ခြေချဖို့လည်း လိုအပ်ကြောင်း သူက အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ နိုင်ငံတောင်ပိုင်း၊ ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမားစ်ပြောက်ကျားတွေနဲ့ စစ်ခင်း တိုက်ခိုက်ခဲ့တဲ့ တစ်နှစ်နီးပါး ကာလတလျှောက် နိုင်ငံမြောက်ပိုင်းမှာလည်း ဟစ်ဇ်ဘိုလာတွေနဲ့ အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီအတွက် အစ္စရေးတပ်တွေကို မြောက်ပိုင်းနယ်စပ်မှာ ဖြန့်ကျက်ခဲ့ရသလို ဒေသခံတွေကိုလည်း အစိုးရရဲ့ အစီအစဉ်နဲ့ ရွှေ့ပြောင်းထားစေခဲ့ရပါတယ်။

အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ လက်ဘနွန်ကို အစ္စရေး ခြေလျင်တပ်တွေ ချက်ချင်း ဝင်ရောက်မယ့် အရိပ်အယောင်မျိုး မတွေ့ရသေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အစ္စရေး စစ်တပ် အကြီးအကဲက အရန်တပ်မ နှစ်ခုကို မြောက်ပိုင်း ဧရိယာ စစ်ဆင်ရေးတွေအတွက် ဆင့်ခေါ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ်၊ လက်ဘနွန် စစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံး စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာပါ။ အမေရိကန်နဲ့ ပြင်သစ် အစိုးရတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကတော့ လက်ဘနွန်မှာ တင်းပြည့်ကျပ်ပြည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာတဲ့ အဆင့်ထိ မရောက်အောင် သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန်ကို ရောက်နေတဲ့ ပြင်သစ် သမ္မတ အီမန်နျုရယ်လ် မာခရွန်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို ရရှိနိုင်ရေး ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ပါတယ်။

လက်ဘနွန်မှာ စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတာမျိုး ဘယ်လိုမှ မဖြစ်သင့်ကြောင်း၊ ဒါကြောင့်လည်း လက်ဘနွန်မှာ တင်းမာမှုတွေ မြင့်တက်လာစေမယ့် အခြေအနေတွေကို ရပ်တန့်ဖို့ အစ္စရေးကို ဖိအားပေး တောင်းဆိုရမှာဖြစ်ကြောင်း မာခရွန်က ကုလသမဂ္ဂ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကလည်း ငရဲပွက်သလို အဆိုးဆုံး အခြေအနေတွေထိ ရောက်မလာခင် အမြန်ဆုံး အပစ်အခတ် ရပ်စဲရေးကိစ္စ အကောင်အထည် ပေါ်လာဖို့ လိုတယ်လို့ မှတ်ချက် ပေးသွားပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က အစပြုခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာလည်း ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေသာ မကဘဲ ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် လူပေါင်း ၆၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးတော့ အစ္စရေး မြောက်ပိုင်း နယ်မြေတွေမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူ အရေအတွက် ၁၁၀၀၀၀ လောက်ထိ မြင့်တက်လာပါတယ်။

နယ်စပ်မျဉ်းရဲ့ တခြားတစ်ဖက်မှာတော့ အစ္စရေး မြောက်ပိုင်း ဒေသခံ ၇၀၀၀၀ ဝန်းကျင်လောက်ကို အစိုးရက ရွှေ့ပြောင်းပေးထားခဲ့ပြီး ဖြစ်သလို အဲဒီ ဒေသခံတွေ ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေး သေချာတဲ့ထိ လိုအပ်တဲ့ စစ်ရေး အစီအမံတွေကို လုပ်ဆောင်သွားမယ်လို့ အစ္စရေး စစ်တပ်က ကြေညာထားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၆ရက်မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦးထက်မည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ နေထိုင်မှုဘ၀များထိခိုက်ပြီး ပြန်လည် ထူထောင်ရေး အတားအဆီးဖြစ်စေဟု ဖော်ပြ

Trending

Facebook