ရွှေပြည်စိုး/People’s Spring
မောင်တောမြို့၌နောက်ဆုံးကျန်ရှိနေသောစစ်ကောင်စီတပ်၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) ကိုအာရက္ခတပ်တော်(AA)က ထိုစစ်ဆင်တိုက်ခိုက်နေစဉ် ယနေ့(စက်တင်ဘာလ ၂၉ရက်) နံနက်တွင်စစ်ကောင်စီက မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“မြို့ပေါ်ကို Y12နဲ့ ချတာပါတဲ့။ လူနေအိမ်တွေထိတယ်။တော်တော်များများ ထိထားတယ်လို့ သတင်းရပါတယ်။ နောက်ဆုံးသိထားသလောက်ကတော့ မြို့ထဲလည်း တိုက်ပွဲဖြစ်တယ်။အခုလေကြောင်းတိုက်တာကတော့ အရပ်သားနေရာတွေပါ” ဟု စစ်တွေမြို့၌ ရှိနေသည့်မောင်တောဒေသခံတစ်ဦးကပြောသည်။
မောင်တောမြို့တွင် မြို့ပြင်ရှိ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာ ကျန်ရှိတော့ပြီးအပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AAက စက်တင်လာလ ၂၇ ရက်၌ သတင်းထုတ်ပြန်ထားသည်။
မြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့စစ်သင်တန်းပေးထားသူများနှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်းAAက အသိပေးထားသည်။
မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ် ၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး စခန်းအများအပြားသိမ်းယူထားနိုင်သော်လည်း နခခ (၅) မှ နေ၍ ခုခံနေသေးကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်ဒေသခံများအပါအဝင် လူဦးရေ နှစ်သောင်းနီးပါးအား တိုက်ပွဲများကြားမှ ကယ်ထုတ်ထား AA သတင်းက ပြီးခဲ့သည့် ဩဂုတ်လတွင် ထုတ်ပြန်ထားသည်။