ရွှေပြည်စိုး/People’s Spring
ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်ဘေးရှောင်နေရာမှ ပြန်ရောက်လာသောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။
“ပြီးခဲ့တဲ့တပတ်က တိုက်ပွဲတွေပြင်းထန်စဉ်က ရှောင်ခဲ့ကြသေးတယ်။ နောက်ပိုင်းပြန်ဝင်လာတယ်။ တိုက်ပွဲကမပြီးသေးဘူးဆိုတော့ KIA က သတိပေးတာ။ ဒီနေရာဟာ စစ်ပွဲဇုန်မို့လို့ ဘေးကင်းအောင် သတိပေးတာလို့ပြောပါတယ်”ဟု ဒေသခံတဦးကပြောသည်။
ဆိုင်းတောင်ရွာတွင် စက်တင်ဘာ ၇ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA နှင့် KPDFတို့က ဆိုင်းတောင် ရဲစခန်းကို စက်တင်ဘာ ၁၂ရက်တွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက်စစ်ကောင်စီက ဒေသခံများ၏နေအိမ်များမီးရှို့ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီက ဆိုင်းတောင်ရွာအတွင်းရှိ Lucky Man ဟိုတယ် နှင့် ယူမာ ကျောက်စိမ်းရုံး၌ တပ်စွဲထားပြီး ယင်းနှစ်နေရာတွင် စက်တင်ဘာလ ၂၅ရက်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။စစ်ကောင်စီက Lucky Men ဟိုတယ်တွင်ဖမ်းဆီးထားသော ပြည်သူအများစုမှာလွတ်မြောက်သွားပြီဖြစ်ကြောင်းလည်းသိရသည်။
စက်တင်ဘာ လကုန်ပိုင်းနောက်ပိုင်းတွင် တိုက်ပွဲခေတ္တငြိမ်သက်သွားရာ စစ်ရှောင်ခဲ့သောဒေသခံအချို့ ပြန် လည်ဝင်ရောက်လာခဲ့သည်။
ထိုသို့ပြန်လာသောဒေသခံများကို စစ်ပွဲဇုန် ဖြစ်နေသေး၍ ခေတ္တတိမ်းရှောင်ရန် KIA တပ်ဖွဲ့ဝင်အချို့ကအသိပေးခြင်းဖြစ်ကြောင်းသိရသည်။
ဆိုင်တောင်ရွာအတွင်းရှိ ရပ်ကွက်၁၊၂၊၃၊၄တို့မှ ဒေသခံပြည်သူများ တိန်းရှောင်ကြရန် အသိပေးခြင်းဖြစ်သည်ဟုဒေသခံတဦးကပြောသည်။
KIA နှင့်ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်လာနိုင်သောကြောင့် ဒေသခံများ၏လုံခြုံရေးအတွက် ကြိုတင်သတိပေးခြင်းဖြစ်နိုင်ကြောင်း KIAနှင့် နီးစပ်သူအချို့ကပြောသည်။
KIA နှင့် ပူးပေါင်းတပ်များသည် စက်တင်ဘာ လကုန်ပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်လာရာ စက်တင်ဘာ ၂၉ ရက်တွင် ချီဖွေမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂ရက်တွင် ဆော့လော်မြို့ကို ထပ်မံသိမ်းယူခဲ့သည်။ ချီ ဖွေမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့သည်။