ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်သည် လားရှိုးမြို့လေကြောင်းတိုက်ခိုက်မှုအတွင်း ရပ်ကွက် (၅)ရှိ ကွမ်ရင်ဘုရားကျောင်း ပြင်းထန်စွာပျက်စီးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လကုန်နှင့် စက်တင်ဘာအတွင်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၀ကြိမ်ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက် နံနက်တွင် ထပ်မံ၍ လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လက်နက်မဲ့ အရပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် လူထုသတ်ဖြတ်ခြင်းနှင့် တူညီပြီး သမိုင်းဝင်နေရာများကို ပစ်မှတ်ထားခြင်းသည် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်တို့ အမျိုးသားယဉ်ကျေးမှုကို နင်းချေခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို ချိုးနှိမ်စော်ကားခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။
စစ်ကောင်စီကျူးလွန်ခဲ့သော ပြစ်မှုမြောက်မြားစွာကြောင့် ပြည်သူများက ၎င်းတို့အား ကဲ့ရဲ့မည်ဖြစ်သည်ဟုလည်း ဖော်ပြသည်။
ဒေသခံများက ဘုံကျောင်းဟုခေါ်ဆိုကြသည့် လားရှိုးမြို့ ကွမ်ရင်ဘုရားကျောင်းသည် အလွန်အနုစိတ်သည့် ဗိသုကာလက်ရာများနှင့်ပြည့်နှက်နေပြီး ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်၍သက်တမ်း နှစ် ၁၀၀ ကျော်ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများဖြစ်ကြောင်းဒေသခံများထံမှသိရသည်။
“သစ်သားတွေနဲ့ချည်းဆောက်လုပ်ထားတဲ့ ပင်မ ဓမ္မာရုံဟာ အလွန်အနုစိတ်လှသောဗိသုကာလက်ရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က ပန်းချီဦးငွေကိုင်ရဲ့မဟာဗုဒ္ဓဝင်ရုပ်ပြစာအုပ်ထဲကပါတဲ့ပုံတွေအတိုင်း တစ်ထပ်တည်းဆွဲထားတဲ့ ဗုဒ္ဓဖြစ်တော်စဉ်ပန်းချီများဟာလည်း ဒီနေရာကလွဲလို့ မြန်မာနိုင်ငံရဲ့ဘယ်နေရာမှမရှိနိုင်ပါ။အဓိကဓမ္မာရုံဖြစ်တဲ့ပင်မဗုဒ္ဓဓမ္မာရုံထဲမှာဆွဲထားတာပါ”ဟု ဒေသခံပြည်သူတစ်ဦးလူမှုကွန်ရက်တွင် အဆိုပါ ကွမ်ရင်ဘုရားကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် ရေးသားချက်၌ တွေ့ရသည်။
” ဒီဗုဒ္ဓဘာသာကျောင်းတော်ဟာ ပရိယတ္တိမှာလည်း နိုင်ငံကျော်ပါတယ်။ တရုတ်နိုင်ငံနဲ့ထိုင်ဝမ်ကျွန်းမှ သံဃာတော်များက မဟာယာနဗုဒ္ဓဘာသာကျမ်းစာများလာရောက်သင်ကြားပေးမှုအမြဲရှိပါတယ်။ ပါဠိ၊သက္ကတ၊တရုတ်ပါဠိ၊မြန်မာ၊တရုတ် စတဲ့ဘာသာစကားတွေနဲ့သင်ကြားပေးနေတဲ့ မြန်မာနိုင်ငံရဲ့အထင်ရှားဆုံးမဟာယာနဗုဒ္ဓဘာသာစာသင်တိုက်ကြီးပါ။ ရဟန်း၊သီလရှင်၊သာမဏေပေါင်း ရာပေါင်းများစွာ ပညာသင်လျက်ရှိပါတယ်။ အခု ပျက်စီးသွားတဲ့ပုံတွေအရကြည့်မယ်ဆိုရင် အဓိကအကျဆုံး မူလဓမ္မာရုံလည်းထိခိုက်သွားပါပြီ။နှစ်ပေါင်းရာချီက သစ်သားတွေနဲ့ချည်းလုပ်ထားတဲ့ တိုင်လုံးကြီးတွေ၊သစ်သားဗိသုကာတွေ အကုန်ထိခိုက်ပါတယ်”ဟုလည်း ဘုံကျောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးရေးသားထားသည်ကို တွေ့ရသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် မဟာယာနဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပေါင်းစည်းထားသည် ဗိသုကာလက်ရာ၊ မဟာယာနဗုဒ္ဓဘာသာရေးအယူအဆအရစံရွေးကိုက်တည်ဆောက်ထားသည် ယဉ်ကျေးမှုလက်ရာစသည်တို့ကြောင့် တန်ဖိုး ဖြတ်မရကြောင်းလည်း ရေးသားထားသည်။
” အရာရာဟာ အနိစ္စပါ။ပျက်စီးဆုံးရှုံးရတာဟာ ဒုက္ခပါ။ ထိန်းချုပ်လို့မရဘဲ သူ့သဘောသူဆောင်နေတာဟာ အနတ္တပါ။ အချိန်မတိုင်ခင် ပယောဂကြောင့်ပျက်စီးရတာဟာ တိရစ္ဆာန် လုပ်လို့ပါ”ဟုလည်း ကွမ်ရင်ဘုရားကျောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ရေးသားချက်တွင်တွေ့ရသည်။
စစ်ကောင်စီ၏ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ပြည်သူတစ်ဦးက “မြန်မာစစ်တပ်ဟာ ကွမ်ရင်ကို စိန်ခေါ်လိုက်တာပါ ။နိဂုံးဟာ တော်တော်ကြောက်ဖို့ ကောင်းပါလိမ့်မယ်”ဟုသူ၏အမြင်ကိုရေးသားထားသည်။
ဇူလိုင်လမှ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ လေကြောင်း ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၀၀ကျော်ထိခိုက်ဒဏ်ရာရရှိကာစာသင်ကျောင်းများ၊ လမ်းများနှင့် အခြားအများပြည်သူပိုင်နေရာများအပြင် ကိုယ်ပိုင်အိမ်များ အများအပြားပျက်စီးခဲ့ရသည်ဟု MNDAAက ထုတ်ပြန်သည်။
အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုများကြောင့်နေရာတိုင်းတွင် လူအများ အထိတ်တလန့် ဖြစ်စေခဲ့ရသည်ဟုလည်း ဆိုသည်။