ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အရပ်သားများစီးနင်လာသော ယာဥ်တစ်စီးကို ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)ကတိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။
AA၏ ထုတ်ပြန်ချက်တွင် ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဟု ဖော်ပြထားပြီး အောက်တိုဘာ ၆ရက် ညနေပိုင်းတွင် မောင်တောမြို့နယ် တောင်ပြိုကျေးရွာမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ယာဥ်မောင်းသူ နှင့် အရပ်သား ၆ဦးပါ ယာဥ်တစ်စီးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါယာဥ်အား ARSAက လမ်းတလျှောက် အဆင့်ဆင့် ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
တိုက်ခိုက်မှုကြောင့် မောင်တောမြို့ အောင်မင်္ဂလာကျေးရွာမှ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်သီး ကျည်ထိမှန်သေဆုံးကာ အခြား ၄ဦးလည်း ကျည်ထိမှန် ဒဏ်ရာများ ရခဲ့သည်ဟု ဆိုသည်။ ဒဏ်ရာရသူများတွင် နှစ်ဦးမှာ ပြင်းထန်၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိကြောင်း အသိပေးသည်။
အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟုလည်း AAက အသိပေးသည်။
AA အနေဖြင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းအများစုအား တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။ အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ARSAအပါအဝင် မူဆလင်လက်နက်ကိုင်များသည် စစ်ကောင်စီနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းလည်း AAက အသိပေးထားသည်။