စက်တင်ဘာ – ၃ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ၊ နော်တခီးကျေးရွာ စာသင်ကျောင်းကို ဒီနေ့ ( စက်တင်ဘာလ ၃ ရက်) မနက်ပိုင်းက စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်က ထုတ် ပြန်လာပါတယ်။

အဲဒီကျေးရွာဟာKNUတပ်မဟာ(၇)ထိန်းချုပ်နယ်မြေထဲမှာရှိပြီးတိုက် ခိုက်ခံရတဲ့ကျောင်းကတော့ KNU ရဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD) လက်အောက်ရှိ ကော်သူးလေကျောင်းအမှတ်(၇၀၈၂) နော်တခီးအခြေခံပညာအလယ်တန်းကျောင်း ဖြစ်တယ်လို့ဆိုထားပါတယ်။
ဒီမနက်ပိုင်း၉ နာရီ ၅၀ မိနစ်ခန့်က တိုက်ခိုက်ခံရတာဖြစ်ပြီး ကျောင်းဆရာ ၊ ဆရာမ ၂ ဦးနဲ့ကျောင်းသား ၁ဦး ထိခိုက်ဒဏ်ရာရသလို ကျောင်း ဆောင်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ KNU ကအသိပေးပါတယ်။

Public Service Announcement
ကေအဲန်ယူရဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနမှူး ပဒိုစောလောအယ်မူးကတော့ စာသင်ကျောင်းအပေါ် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။
နော်တခီးကျေးရွာ ဟာ တိုက်ပွဲတွေဖြစ်ပွားတာမရှိပဲ တိုက်ခိုက်ခံရတာဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ စစ်တပ်စခန်းတွေဖြစ်ကြတဲ့ နဘူးအခြေစိုက် ဗျူဟာတပ်ရင်းတွေကနေတဆင့် ဒရုန်းလွှတ်ကာ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ယူဆနေကြပါတယ်။
